မင်းတပ်နဲ့ ကန်ပက်လက် မြို့သိမ်းတိုက်ပွဲထဲက မတရားအကျဉ်းချခံထားရသူ အကျဥ်းသား ၁၇ ဦး လွတ်မြောက်
ချင်းပြည်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဥ်းသား ၁၇ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ ချင်းညီနောင်အဖွဲ့ဆီက သိရှိရပါတယ်။
အကျဥ်းသားတွေဟာ ချင်းညီနောင်အဖွဲ့ရဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့သိမ်း တိုက်ပွဲထဲက နိုင်ငံရေးအကျဥ်းသား ၁၃ ဦးနဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့က ကန်ပက်လက်မြို့သိမ်းတိုက်ပွဲထဲကနေ နိုင်ငံရေးအကျဥ်းသား နှစ်ဦးအပါအဝင် လေးဦးတို့ဖြစ်တယ်လို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကျွန်တော်တို့ ကယ်ထုတ်ထားတဲ့ အကျဥ်းသားတွေအားလုံးကို လိုအပ်တဲ့ကျန်းမာရေးတွေ စစ်ဆေးပြီးမှ နေရပ်ပြန်ပို့ပေးထားပါပြီ။ တချို့အကျဥ်းသားတွေက ဖမ်းဆီးခံရစဥ် နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ၊ အမာရွတ်တွေရှိတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေက မရှိဘူး” လို့ သူက ပြောပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ မကွေးတိုင်း၊ ယောနယ်တို့က စစ်ကောင်စီတပ် မတရားဖမ်းဆီးထားတဲ့ အကျဥ်းသားတွေပါဝင်တယ်လို့ သိရပါတယ်။
ကန်ပက်လက်မြို့သိမ်းတိုက်ပွဲက လွတ်မြောက်လာတဲ့အကျဥ်းတွေဟာ စစ်တပ်အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသား နှစ်ဦး၊ သတင်းပေးဒလန်ကြောင့် အဖမ်းဆီးခံရသူ အရပ်သားတစ်ဦးနဲ့ CDM ပြုလုပ်ဖို့ ထွက်ပြေးစဥ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
“လွတ်လာကြတဲ့ နိုင်ငံရေးအကျဥ်းသားနှစ်ယောက်က အချုပ်ခန်းထဲမှာ စစ်သားတွေ နှိပ်စက်ထားတဲ့ ခြေတွေ၊ လက်တွေမှာ ဒဏ်ရာ၊ အမာရွတ်တွေ တွေ့ရတယ်။ အသက်အန္တရာယ်က စိုးရိမ်စရာမရှိဘူးပေါ့။ တခြားနှစ်ယောက်က ဘာမှဖြစ်တာ မသိရဘူး” လို့ ဒီအကြောင်းသိရှိထားတဲ့ အသက် ၂၈ နှစ်အရွယ် ကန်ပက်လက်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ပြန်လွတ်လာကြတဲ့ အကျဥ်းသားတွေဟာ သူတို့ရဲ့ နေအိမ်အသီးသီးကို ရောက်ရှိနေကြပြီလို့ သိရပါတယ်။
ဒီနှစ် ၂၀၂၄၊ ဇွန်လ ၂၉ ရက်နေ့ မတူပီမြို့သိမ်း တိုက်ပွဲတုန်းကလည်း နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသား ၁၃ ဦးကို ချင်းညီနောင်အဖွဲ့က ကယ်ထုတ်ထားနိုင်ခဲ့ပါတယ်။
မတူပီနဲ့ ကန်ပက်လက်မြို့ သိမ်းပိုက်ရရှိပြီးနောက် ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ပြီဖြစ်ပြီး မြောက်ပိုင်းက ကျန်ရှိနေသေးတဲ့ နေရာတွေမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းညီနောင်နဲ့ မဟာမိတ်အင်အားစုတွေအတူတကွ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ချင်းညီနောင်အဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CDF-Mindat
ပုံစာ – ဒီဇင်ဘာ ၂၁ ရက်နေ့က မင်းတပ်မြို့သိမ်းပြီးနောက် သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေနဲ့အတူတွေ့ရတဲ့ ချင်းညီနောင်အဖွဲ့ဝင်များ