မင်းတပ်၊ ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ အရာရှိတွေအပါအဝင် ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ နီးပါး လက်နက်ချအလင်းဝင်လာ
ချင်းပြည်၊ မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲ ၁၆၈ ဦး နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေထဲ လက်နက်ချ အလင်းဝင်လာတယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီမြို့နှစ်ခုက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေ၊ တပ်စခန်းတွေ၊ တပ်ရင်းတွေကို ချင်းညီနောင်အဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
“ဖလမ်းမှာ နိုဝင်ဘာလ ၁၂ ရက်နေ့က ၄၅ ဦး လက်နက်ချ အလင်းဝင်တယ်။ မင်းတပ်မှာ ၁၅ ရက်နေ့က ၁၂၃ ဦး လက်နက်ချ အလင်းဝင်တယ်။ စုစုပေါင်း ၁၆၈ ဦးပါတယ်” လို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်နက်ချ အလင်းဝင်လာတဲ့ထဲ ရဲနဲ့ စစ်ကောင်စီတပ် အရာရှိတချို့ပါဝင်ပြီး ၎င်းတို့ဆီက လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ လုံခြုံစိတ်ချရတဲ့နေရာတွေမှာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ မြို့ထဲက ခရိုင်ရဲတပ်ဖွဲ့ရုံး၊ မြို့မရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေအုပ်ရုံးနဲ့ ဆေးရုံကုန်းတို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ရရှိထားပါတယ်။
အဲဒီလိုပဲ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်း၊ ခရိုင်ဆောက်လုပ်ရေးဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်၊ မြလေးပွင့်စေတီကုန်း၊နဲ့ လေးမိုင်ကုန်းတို့ကို သိမ်းပိုက်ရရှိထားပါတယ်။
“ဖလမ်းမြို့ထဲကဆို စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားတဲ့ အနေအထားမှာရှိတယ်။ မင်းတပ်မြို့ထဲမှာက ခရိုင်ရဲစခန်းရယ်၊ မြို့မရဲစခန်းရယ် ကျန်ဦးမယ်” လို့ ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဖလမ်းမှာ စစ်ကောင်စီအခြေစိုက်ထားတဲ့ ခလရ-၂၆၈ တပ်ရင်း စခန်းကုန်း ကျန်ရှိနေသေးသလို မင်းတပ်မှာ ခရိုင်ရဲစခန်း၊ မြို့မရဲစခန်းနဲ့ ခလရ-၂၇၄ တပ်ရင်းတို့ ကျန်ရှိနေပါသေးတယ်။
ချင်းညီနောင်အနေနဲ့ မင်းတပ်နဲ့ ဖလမ်းမြို့ အလုံးစုံသိမ်းပိုက်ရရှိဖို့အတွက် မဟာမိတ်တွေနဲ့အတူ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။
အခုအချိန်ထိ ဖလမ်းနဲ့ မင်းတပ်မြို့သိမ်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ချင်းညီနောင်အဖွဲ့က ရဲဘော်တွေလည်း ထိခိုက်ကျဆုံးမှုလည်းရှိနေပါတယ်။
ဓာတ်ပုံ – ချင်းညီနောင်အဖွဲ့
ပုံစာ – ဖလမ်းနဲ့ မင်းတပ်မြို့သိမ်း တိုက်ပွဲတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေကို တွေ့ရစဥ်