ရွှေတုံးတွေအပြင် ငွေကျပ်သိန်း ၈၀၀ နဲ့အတူ ထွက်ပြေးတဲ့ တပ်မမှူး စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းနင်းမိပြီး သေဆုံးလို့ဆို
ရခိုင်ပြည် မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန် စခန်းဖြစ်တဲ့ နခခ-၅ စခန်းကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး တပ်မမှူးတစ်ဦးဖြစ်တဲ့ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်မမှူးကို ဒီဇင်ဘာ ၁၇ ရက် နေ့လယ်မှာ မောင်တောမြိုနယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲမှာ ရွှေတုံးတွေအပြင် ငွေကျပ်သိန်း ၈၀၀ နဲ့ အတူ အသေဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တပ်မမှူးဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ ဒေသခံမူဆလင်များရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းကိုနင်းပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ AA ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
မောင်တောမြို့နဲ့ တောင်ကုတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို အာရက္ခတပ်တော်အနေနဲ့ တစ်ခုမကျန် သိမ်းပိုက်ထားပြီး အမ်းမြို့ နဲ့ ဂွမြို့ ကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ပြောထားပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီရဲ့ စခန်းများအားလုံးသိမ်းပိုက်ထားကာ တိုင်းစစ်ရုံးထဲက နေရာအချိုသာ ကျန်ရှိတော့ပြီး အင်အား ရာချီခန့်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက AA ရဲ့ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ရခိုင်ရိုးမတောင်တန်းပေါ်က လက်နက်ကြီးပစ်ကူများကြောင့် တိုင်းစစ်ရုံးအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲဝင်တွေ ထိမှန်ပြီး သေဆုံး၊ ဒဏ်ရာရနေတယ်လို့ AA က ဆိုပါတယ်။
အမ်း နပခ ဌာနချုပ်ထဲ မြေပြင်တိုက်ပွဲထက် စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုတွေနဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် တိုက်ပွဲပြင်းထန်နေရတာဖြစ်တဲ့အပြင် လက်နက်ချ အလင်းဝင်ရောက်သူတွေလည်း ဆက်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။
အာရက္ခတပ်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့အဖွဲ့ကို အရှင်ဖမ်းမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်နေစဉ်အတွင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲက ရေနက်ဆိပ်ကမ်း ရေတပ်လုံခြုံရေးအကြောင်းပြကာ ကျောက်ဖြူမြို့ကို တိမ်းရှောင်သွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကလည်း မကွေး အခြေစိုက် တပ်မ (၈၈) ကို တိုင်းမှူးနဲ့ ရှေ့ဆင့်နောက်ဆင့် ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ယာယီတိုင်းမှူးအဖြစ် ကွပ်ကဲခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ရက်နေ့မှာတော့ AA ဟာ အမြောက်ကြီးတပ်နဲ့ အရိုးတောင်လက်နက်ကြီး စခန်းကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ရာမှာ နှစ်ရက်တာတိုက်ပွဲအတွင်း တိုင်းစစ်ဦးစီးမှူး ယာယီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်သန်း သေဆုံးသွားခဲ့ရပြီး ရုပ်အလောင်းကိုတွေ့ရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ ဂွမြို့မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြားကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
“စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ် မိသားစု၊ ဆွေမျိုးတိုနှင့် စောစော တွေ့ဆုံရလိမ့်မယ်”လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲ ပါရှိပြီး လက်နက်ချ အညံ့ခံ အလံဖြူထောင်သူတိုင်းရဲ့ အသက်ကို အာရက္ခတပ်တော်က အာမခံတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – နခခ-၅ ကို AA တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ထားတာကို တွေ့ရစဉ်