စစ်ကိုင်းမြို့မှာ သုံးရက်တာအတွင်း စစ်ကောင်စီတပ်က လူငယ် ၁၀၀ ထက် မနည်းကို  ဖမ်းဆီးသွားလို့ဆို

Author မင်းထက်
Categories
Published on Dec 18, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ တတိယပတ်ရဲ့ သုံးရက်တာအတွင်း လမ်းသွားလမ်းလာ ပြည်သူတွေ အပါအ၀င် မြို့ခံ လူငယ်  ၁၀၀ ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

အဲ့ဒီလူငယ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်ကနေ ယမန်နေ့ ( ဒီဇင်ဘာ ၁၇ ) အထိ သုံးရက်တာအတွင်း စစ်ကိုင်းမြို့ ၊ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ်နဲ့ မြို့တွင်းလှည့်လည်ဖမ်းဆီးတာတွေအပြင် နေအိမ်တွေမှာ ၀င်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

“နေ့တိုင်းလို ဖမ်းတယ်။ အလုပ်သွားအလုပ်ပြန် အချိန်တွေ တစ်ခါတလေကျ မနက်အစောပိုင်းထွက်တဲ့သူတွေ ဖမ်းခံရတာရှိတယ်။ ရပ်ကွက်တွေထဲ ညပိုင်းလှည့်ပြီး အိမ်တွေ၀င်ဆွဲတာ ရှိတယ်။ လပြည့်နေ့ (ဒီဇင်ဘာ ၁၅) ကဆို တံတားပေါ်မှာ အယောက် ၅၀ ကျော်လောက် ပါသွားတာ”လို့ စစ်ကိုင်းမြို့ခံ အသက် ၅၃ နှစ်ခန့် ဦးတိုးက ပြောပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်နေ့ ဖမ်းဆီးရမိသူတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးသလို တချို့ဖမ်းဆီးထားသူတွေကို စစ်ကိုင်းမြို့ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်ကို ပို့ဆောင်တယ်လို့ သူက ဆက်ပြောပါတယ်။

 

“ကျွန်တော့် သူငယ်ချင်းထဲက နှစ်ယောက် ပါသွားတယ်။ ဖမ်းခံရရင် ဆေးစစ်တာရှိဗျ။ လတ်တလော နှစ်ရက်လောက် ( ဒီဇင်ဘာ ၁၆ ရက်) နေ့က တစ်ယောက်က B ပိုးရှိလို့ ပြန်လွှတ်တယ်။ တစ်ယောက်က ၁၅ သိန်းလောက်နဲ့ ညှိတာကို ၅၀- ၅၀ ရာခိုင်နှုန်းပဲ ပြန်မရနိုင်တော့ဘူး”လို့ နောက်ထပ်  အသက် ၂၉ နှစ်ခန့် စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဖမ်းဆီးခံရသူတွေကို စစ်ကိုင်းမြို့ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်ကို ခေါ်ဆောင်ပြီး ဖမ်းဆီးခံရသူရဲ့ မိသားစုတွေနဲ့ ငွေကြေးညှိနှိုင်းရွေးခိုင်းတာတွေ ရှိနေသလို အဆင်မပြေတဲ့ သူတွေကို ရပ်ဝေးဒေသတွေဆီ စစ်မှုထမ်းပို့ဆောင်တယ်လို့လည်း စစ်ကိုင်းမြို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

“ဒီမြို့မှာ နေလို့မကောင်းပါဘူး။ အဒေါ်ရဲ့တူလေး ပြီးခဲ့တဲ့ရက်တွေက ညပိုင်းဘက်  ကင်းလှည့်ရင်း ဖမ်းခံရပြီး ငွေနဲ့ရွေးခိုင်းတာ မတတ်နိုင်ဘူးလေ။ တောင်ကြီးဘက်ကို ပို့ခံခဲ့ရတာ ဖုန်းတော့ ပြောရတယ်။ ၁၅ ရက်တစ်ခါ ဖုန်းကိုင်ခွင့်နဲ့ ထွက်ခွင့်ရတယ်ပြောတယ်”လို့ အသက် ၇၀ ခန့် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ ဟာ ဖမ်းဆီးတာတွေလုပ်ဆောင်တဲ့အခါ တချို့ကို နေရာမှာတင် မိသားစု၀င်တွေနဲ့ ဆက်သွယ်ပြီး စျေးနှုန်းသတ်မှတ် ရွေးခိုင်းတာတွေ ပြုလုပ်ပြီး တစ်ဦးကို ကျပ် ၁၀ သိန်းကနေ ကျပ်သိန်း ၁၀၀ ကျော်အထိ အမျိုးမျိုးတောင်းခံတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ စစ်ကိုင်း မြို့ပေါ်ရပ်ကွက်တွေထဲ လှည့်လည် ဖမ်းဆီးတာတွေ​နဲ့ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးမှုတွေ လုပ်‌နေတာကြောင့် မြို့ခံလူငယ်တချို့ တိမ်းရှောင်မှုတွေ ရှိနေသလို မြို့ပေါ်သွားလာသူတွေနဲ့ ခရီးသွားလာသူတွေမှာ စိတ်မလုံခြုံမှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ-  စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းသားတွေကို တွေ့ရစဥ်

 

 

 

 

Related News

Depend on news