စစ်ပွဲအောင်နိုင်ရေး လေကြောင်းက အဓိကလို့ မင်းအောင်လှိုင်ပြော

Author လဂွန်းအိမ်
Categories
Published on Dec 16, 2024

မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ ယမန်နေ့ မနက်ပိုင်းကကျင်းပတဲ့ ၇၇ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့ အခမ်းအနားမှာ လေကြောင်းနဲ့ အာကာသစွမ်းအားက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပါတယ်။

 

လေကြောင်းစွမ်းအားက ရန်သူကို လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်နဲ့ စွမ်းရည်ပိုမိုအားကောင်းလာတာကို သိသာထင်ရှားစွာတွေ့မြင်ခဲ့ရတယ်လို့ နိုင်ငံတဝန်းဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ ခေါင်းဆောင်က ပြောပါတယ်။

 

ဒါ့အပြင် ရှိတဲ့လေယာဉ်၊ ရှိတဲ့လက်နက်နဲ့ ကြိုးစားတိုက်ပွဲဝင်နေတာကို အထင်အရှားတွေ့မြင်နေရလို့ အဲဒီလို မြင့်မြတ်ဂုဏ်ယူဖွယ်အစဉ်အလာကောင်းကို တန်ဖိုးထားထိန်းသိမ်းပြီး မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းအမွေဆက်လက်ပေးအပ်ဖို့လည်း သူက တိုက်တွန်းပြောကြားသွားပါတယ်။

 

ပိုင်ဆိုင်ထားတဲ့ လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချစစ်ဆင်နိုင်ဖို့ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုတဲ့ လုပ်ငန်းစဉ်အတိုင်း အမြဲမပြတ် ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းသွားပါသေးတယ်။

ဒါ့အပြင် ယမန်နေ့အခမ်းအနားမှာ စစ်ကောင်စီက တီထွင်ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B နှစ်စင်းရဲ့ တပ်တော်ဝင်အခမ်းအနားလည်း ပြုလုပ်ခဲ့ပါသေးတယ်။

 

စစ်ကောင်စီတပ်ရဲ့ အာဏာသိမ်းလေးနှစ်အတွင်း ဒီနှစ် ၂၀၂၄ မကုန်မီမှာပဲ လေကြောင်းတိုက်ခိုက်မှုအများဆုံးစံချိန်တင်ခဲ့ပြီလို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

 

၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၄၇၆ ကြိမ်ရှိခဲ့ပြီး ဒီနှစ် ၂၀၂၄ ဇန်နဝါရီကနေ စက်တင်ဘာလအထိ ကိုးလတာအတွင်း ၁၉၁၅ ကြိမ် ရှိခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဥာဏ်လင်းသစ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဒါဟာ ဒီနှစ်အတွက် တစ်နှစ်မပြည့်ခင်မှာပဲ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်ထက် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ ကျော် ပိုတိုးတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီနှစ် ကိုးလတာကာလအတွင်း ကလေးငယ်နဲ့ အမျိုးသမီးအပါအဝင် ၆၃၀ ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

 

လက်ရှိ တရုတ်နိုင်ငံရဲ့ကြားဝင်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးအပါအဝင် ရှမ်းမြောက်မှာ လေကြောင်းတိုက်ခိုက်ခံရမှု လျော့နည်းသွားပြီဖြစ်ပေမဲ့ စစ်ကောင်စီလက်လွှတ်ရတော့မယ့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်မှာတော့ နေ့စဉ်လိုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

ပုံစာ စစ်ကောင်စီရဲ့ ၇၇ကြိမ်မြောက်လေတပ်နေ့ အခမ်းအနားကိုတွေ့ရစဉ်