စစ်ရေးတင်းမာနေတဲ့ ဖလမ်းမြို့ဝင်/ထွက်နဲ့ ဆော – မင်းတပ်လမ်းပိုင်းတို့ကို တော်လှန်ရေးတပ်တွေ ပိတ်
ချင်းပြည်၊ ဖလမ်းမြို့အဝင်/အထွက်နဲ့ မကွေးတိုင်း၊ ဆော-မင်းတပ်လမ်းပိုင်းတို့ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက အခုရက်ပိုင်းအတွင်း စစ်ရေးအခြေအနေအရ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဖလမ်းမြို့တွင်း တိုက်ပွဲဆင်နွဲနေတဲ့အတွက် စစ်ဆင်ရေးတိုက်ပွဲဝင်နေသူတွေကလွဲရင် ဘယ်သူကိုမှ မြို့အဝင်အထွက် သွားလာခွင့်ပြုမှာမဟုတ်ဘူးလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အရေးပေါ်ကိစ္စရှိပါက သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ ဆက်သွယ်အကြောင်းကြားရမယ်လို့ CNDF တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်နေသေးတော့ အရပ်သားတွေမလိုအပ်ဘဲ ထိခိုက်သေဆုံးမှုဖြစ်မှာကို စိုးရိမ်နေတဲ့အတွက် မြို့အဝင်အထွက်ကို ယာယီပိတ်ထားတဲ့သဘောဖြစ်ပါတယ်။ မြို့ထဲမှာ အရပ်သားတွေ ကျန်နေသေးတော့ အဝင်/အထွက် မလုပ်ကြဖို့ပါ” လို့ သူက ပြောပါတယ်။
ချင်းညီနောင်အဖွဲ့က ဖလမ်းနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ စတင်ဆင်နွှဲနေရာမှာ စစ်ရေးအောင်မြင်မှုတချို့ရရှိထားပေမဲ့ အသေးအစိတ်ပြောဖို့ ခဲယဥ်းနေသေးတယ်လို့ အဲဒီကစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး CNDF တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် ဆော-မင်းတပ်လမ်းပိုင်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်က ဖြတ်သန်းသွားလာခွင့်ပိတ်ထားပြီး အရေးပေါ်အခြေအနေမျိုးမှာ တာဝန်ရှိသူတွေဆီ အကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့ ဆောဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အခုရက်ပိုင်းတွင်း ဆောနဲ့ ကျောက်ထုနယ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးကျည် ပစ်ခတ်တာတွေရှိတယ်။ ပြီးတော့ စစ်ကောင်စီ ဒရုန်းနဲ့ ပစ်ခတ်လို့ အရပ်သားထိခိုက်သေဆုံးတာတွေရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ လမ်းပိတ်တာဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။
အဲဒီလမ်းပိုင်းကို ပိတ်ထားတဲ့အတွက် မင်းတပ် – ဆောနယ်အစပ်နဲ့ ကျောက်ထုနယ်တို့က မင်းတပ်စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံတွေဟာ မြို့ထဲစျေးသွား၊ စျေးဝယ်နဲ့ အရေးပေါ် ကျန်းမာရေး၊ လူမှုရေး စတဲ့ကိစ္စအခြေအနေတွေမှာ ရေရှည်အခက်တွေ့ရနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆောမြို့နယ်ကနေ မင်းတပ်မြို့နယ်ဘက်သို့ ဘယ်ယာဥ်နဲ့ ဆိုင်ကယ်တို့ကိုမှလည်း ဖြတ်သန်းခွင့်အားလုံးပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ဆော – မင်းတပ် လမ်းပိုင်းကို အသုံးပြုပြီး စစ်ကောင်စီတပ်က ဆောနဲ့ ကျောက်ထုမြို့တွေမှာရှိတဲ့ တပ်ရင်း၊ တပ်စခန်းတွေကို ဂန့်ဂေါ၊ ပခုက္ကူစတဲ့ မြို့တွေကနေ တပ်အင်အားနဲ့ လက်နက်ခဲယမ်းတွေကို ဖြည့်တင်းနိုင်တယ်လို့ စစ်ရေးအခြေအနေသိရှိသူက CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အခုရက်ပိုင်းတွင်း အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီးကျည်တွေ ပစ်ခတ်တာတွေ၊ ဒရုန်းဗုံးကြဲတာတွေကြောင့် အခုလ ဒီဇင်ဘာ ၁၂ ရက်နေ့တွင်း အရပ်သား သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မင်းတပ်မြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်အဖွဲ့တို့ ဒီကနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့က ပေါင် ၅၀၀ ဗုံးသီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသလို ခလရ-၂၇၄ တပ်ရင်းကိုလည်း လေထီးနဲ့ လက်နက်ခဲယမ်းတွေချပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုရက်ပိုင်း မင်းတပ်ဘက်လာတဲ့ ဂျက်ဖိုက်တာတွေမှာ အသံသိပ်မကြားရအောင် အမြင့်ပေမြင့်ပျံခြင်း၊ ဖြတ်သန်းသွားလာနေကျ မြို့ရွာတွေကို မဖြတ်သန်းတော့ဘဲ လမ်းသစ်နဲ့ အလစ်အငိုက်ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CDF-Mindat
ပုံစာ – CDF-Mindat ရဲဘော်တွေကို တွေ့မြင်ရစဥ်