မောင်တောမြို့နယ်တစ်ခုလုံးကို AA အပြီးသတ် သိမ်းပိုက်လို့ဆို

Author သုတ
Categories
Published on Dec 07, 2024

ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်ပြည်၊ မောင်တောမြို့တစ်ခုလုံးကို ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ အာရက္ခတပ်တော် (AA ) က အပြီးသတ်သိမ်းပိုက်ရရှိသွားပြီလို့ ကနဦး စုံစမ်းသိရှိရပါတယ်။

 

မောင်တောမြို့ရဲ့ တစ်ခုတည်းကျန်ရှိနေတဲ့ မြို့သူကြီးနယ်ခြားစောင့်စခန်း နခခ-၅ ကို AA က သိမ်းပိုက်ရရှိသွားတာလို့ ဆိုပါတယ်။

 

“မနေ့ညကတည်းက AA က စခန်းထဲဝင်သိမ်းတာ။ အဲဒါကြောင့်လည်း  လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတာ။ အထဲမှာ စစ်သားတွေ စားနပ်ရိက္ခာပြတ်လပ်နေတာတွေ ကြာပြီမို့ သူတို့ သိပ်မရုန်းနိုင်တော့ဘူး။ ငတ်လို့ သေသွားသူတွေပါ ရှိတယ်လို့ ပြောတယ်။ အခုရသွားပါပြီ”လို့ AA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာတော့ လေကြောင်းကနေ  ဆက်လက်ဗုံးကြဲနေတဲ့ကြားက တပ်စခန်းအတွင်း မြေကျင်းတွေမှာ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေကို AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

 

နခခ-၅ ကလွဲပြီး မောင်တောမြို့နယ်အတွင်းက တပ်စခန်းတွေအားလုံးကို အောက်တိုဘာလကတည်းက AA  သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။

 

စစ်ကောင်စီဟာ မောင်တောမြို့ မကျစေရေးအတွက် လေကြောင်းအဓိက အသုံးပြုတိုက်ခိုက်ခဲ့ပြီး  ARSAနဲ့ RSO လက်နက်ကိုင်တွေကိုပါ လက်နက်ပေးအပ်ကာ ပူးပေါင်းတိုက်ခိုက်ခဲ့ပေမဲ့ AA ရဲ့ ထိုးစစ်ကို မခုခံနိုင်ခဲ့ဘူးလို့ စုံစမ်းသိရှိရပါတယ်။

 

“နခခ ၅ ကိုတော့ ရေရှည်စီမံကိန်းလို ရိက္ခာဖြတ်ပြီး AA က တိုက်ခဲ့တယ်။ ကြာလည်းကြာခဲ့တဲ့ စခန်းသိမ်း မြို့သိမ်း တိုက်ပွဲဖြစ်ခဲ့တယ်။ အခုတော့ သိမ်းနိုင်ခဲ့တာ ဝမ်းသာတယ်။ နယ်စပ်တစ်ခုလုံး AA လက်ထဲရောက်သွားပြီ။ စစ်ကောင်စီအတွက် တကယ် အထိနာစေတဲ့ ကိစ္စဖြစ်ပါတယ်။ ဆက်စောင့်ကြည့်ရမှာက မွတ်ဆလင် လက်နက်ကိုင်တွေ ကဏ္ဍပါပဲ။ AA ဘယ်လိုကိုင်တွယ်မလဲပေါ့လေ” လို့ AA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက CJ Platform ကို ဆက်ပြောပါတယ်။

 

မောင်တောမြို့ရဲ့ စခန်းသိမ်းတိုက်ပွဲတွေကို  ဒီနှစ် ဖေဖော်ဝါရီလမှာ AA က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲကိုတော့ ဩဂုတ်လ ၄ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။

 

မြို့သိမ်းတိုက်ပွဲ လေးလကြာပြီးနောက် ဒီကနေ့မှာတော့ မောင်တောမြို့တစ်ခုလုံးကို AA က အပြီးသတ် သိမ်းပိုက်ရရှိသွားပြီဖြစ်တယ်လို့ CJ Platform ရဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။

 

လက်ရှိမှာတော့ အာရက္ခတပ်တော် (AA) က ချင်းပြည်၊ ပလက်ဝမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ပေါက်တော၊ ရမ်းဗြဲနဲ့  မြောက်ဦးမြို့တို့ကို သိမ်းပိုက်ရရှိထားပါတယ်။

 

ရခိုင်ပြည်အတွင်း အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်နဲ့ မာန်အောင်မြို့တို့ကိုသာ AA အနေနဲ့ သိမ်းပိုက်ရန် ကျန်ရှိတော့တာဖြစ်ပြီး လက်ရှိမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တစ်ခုသာ ကျန်တဲ့ အမ်း၊ ဂွ နဲ့ တောင်ကုတ်မြို့တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။