အမ်းမြို့ပေါ်နဲ့ နပခ အနီးတဝိုက်စခန်းတွေ ထိန်းချုပ်နိုင်ပြီးနောက် နပခကို AA ထိုးစစ်စတင်
ရခိုင်ပြည်၊ အမ်းမြို့ပေါ်နဲ့ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် (နပခ) အနီးတဝိုက်က စခန်းတွေကို ထိန်းချုပ်နိုင်ပြီးနောက် တစ်ခုတည်းကျန်ရှိတဲ့ နပခ ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ပထမပတ်မှာ စတင်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အမ်းမြို့မှာ ကျန်ရှိနေတဲ့ တပ်စခန်းတွေအားလုံးကို နိုဝင်ဘာလ စတုတ္ထအပတ်မှာ AA က သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး မြို့ပေါ်ကိုထိန်းချုပ်ပြီးနောက် နပခကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရှေ့လက လက်ကျန်စခန်း အကုန်သိမ်းထားနိုင်တာ။ ဒီလအစမှာပဲ နပခကို ထိုးစစ်စတင်တယ်။ လေကြောင်းကို စစ်တပ်က ပိုပြီးသုံးလာတယ်။ ဒါသူတို့အခြေအနေကိုခန့်မှန်းလို့ရနေပြီ။ ဒီလအတွင်းတောင် နပခကို ရသွားနိုင်တယ်”လို့ သူက ပြောပါတယ်။
လက်ရှိ အမ်းမြို့တိုက်ပွဲအတွင်းမှာ အရာရှိနဲ့ လက်အောက်ငယ်သားအချို့ AA ထံ လက်နက်ချ အညံ့ခံမှုရှိသလို ထွက်ပြေးသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
ထွက်ပြေးသူတချို့ကိုလည်း AAရဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးထားတာတွေ ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ တပ်စခန်းကနေ ထွက်ပြေးဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ နပခ ဌာနချုပ် အတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ တပ်ပေါင်းပြီး AA ရဲ့ ထိုးစစ်ကို ပူးပေါင်း ခုခံနေတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက နပခ ဌာနချုပ်အတွင်း စစ်ဘက်ဆိုင်ရာ အချက်အလက်တွေကို နပခ အသိမ်းခံရပါက AA လက်ထဲ မရောက်ရှိစေဖို့ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“အခြေအနေ မဟန်တော့တာ သူတို့ သိကြတယ်။ ရှေ့မှာလည်း နပခကို ကာရံထားတဲ့ တပ်ရင်းတွေကို တပ်တော်က မသိမ်းခင်မှာ အခုလိုပဲ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို သူတို့ မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်။ ထိပ်ပိုင်းတွေတောင် ပြေးရှောင်နေကြတာ ရှိတယ်လို့ တပ်မိသားစုဝင်တစ်ယောက်က ပြောတယ်။ အထဲမှာ တပ်မိသားစုတွေလည်း ရှိသေးတယ်ဗျ”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အမ်းမြို့သိမ်းတိုက်ပွဲကို ဒီနှစ် မတ်လ ၂၄ ရက်နေ့မှာ AAက စတင်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲ ရှစ်လအတွင်း စစ်ကောင်စီရဲ့ တပ်စခန်း ၁၁ ခုကို သိမ်းပိုက် ရရှိထားတယ်လို့ န်ိုဝင်ဘာလ ၁၄ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။
ကျန်ရှိနေတဲ့ တပ်စခန်းတွေကို သိမ်းပိုက်ရရှိတာနဲ့ ပတ်သက်လို့ AAဘက်က ထပ်မံထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
လက်ကျန်စခန်းတွေကို သိမ်းပိုက်ထားတာနဲ့ နပခကို ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ထပ်မံအတည်ပြုနိုင်ဖို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို CJ Platform က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက နပခ အနီးအနားနဲ့ လူနေရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေပြီး AA ရဲ့ ထိုးစစ်ကို ခုခံနေတယ်လို့ သိရပါတယ်။
နပခ ဌာနချုပ်ကို သိမ်းပိုက်ရရှိပါက AA အနေနဲ့ ရခိုင်ပြည်ကို ၉၀ ရာခိုင်နှုန်းခန့် သိမ်းပိုက် ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး စစ်ကောင်စီအတွက် ရခိုင်စစ်ဦးကျိုးသွားမှာဖြစ်သလို ရခိုင်ပြည်ကို လက်လွှတ်ရတော့မဲ့ အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက လေ့လာသုံးသပ်ထားကြပါတယ်။
ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာ- AA ထိုးစစ်ဆင်နေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို တွေ့ရစဉ်