ရန်ကုန်မှာ လျှပ်စစ်မီးအပြင် ရေပြတ်တောက်မှုတွေပါ ကြုံနေ

Author ကိုထက်
Categories
Published on Dec 06, 2024

ရန်ကုန်မြို့မှာ နိုဝင်ဘာလကစပြီး လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာပြတ်တောက်နေတဲ့အပြင် သုံးရေပြတ်တောက်တာတွေပါ အခုရက်ပိုင်းအတွင်း ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

ရန်ကုန်မြို့တွင်း မြို့နယ်တွေမှာတောင် တစ်နေ့လုံး လျှပ်စစ်မီး သုံး၊ လေးနာရီသာရရှိတော့ပြီး ဂျိုးဖြူရေမလာတာတွေလည်း ရက်နဲ့ချီရှိလာလို့ တိုက်ခန်းနေသူတွေစုပြီး ရေဝယ်သုံးနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ပေးရမယ့်အချိန်လေးနာရီမှာဆို တစ်နာရီလောက်ပဲပေးတယ်။ ရုံးကိုဖုန်းဆက်မေးရင် ဝန်အားလျှော့လို့ဆိုပြီးပြောတယ်။ နောက်ထပ်ပြတ်ရမယ့်အချိန်ကျလည်း ဆက်ပြတ်တယ်။ တခြားပြဿနာမရှိဘူး။ ရေလာပြန်တော့ မီးမလာလို့မတင်ရနဲ့။ မီးလာနေတော့လည်း ရေကမလာဘူး” လို့ ကျောက်တံတားမြို့နယ် ၃၆ လမ်းနေ အိမ်ရှင်မတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် လျှပ်စစ်မီးပေးရာမှာ စစ်ကောင်စီလူကြီးလမ်းကြောင်းရှိပါက မီးမပြတ်ဘဲ ပုံမှန်အချိန်တွေမှာတော့ တစ်နေကုန်ပြတ်တောက်နေတဲ့နေ့တွေလည်းရှိတယ်လို့ လှိုင်သာယာမြို့နယ် အမှတ် ၉ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“သူတို့လူကြီးလမ်းကြောင်းလာရင် တစ်စက်ကလေးတောင်မပြတ်ဘူး။ အမြဲလာနေပါ‌စေလို့ ဆုတောင်းရမလိုဖြစ်နေပြီ။ ပုံမှန်ရက်တွေဆို တစ်နေ့လုံးမလာဘဲ ညနက်မှမီးလာတဲ့နေ့တွေတောင် ရှိတယ်” လို့ သူက ပြောပါတယ်။

 

အလားတူ ရန်ကုန်တိုင်းအတွင်းက ကျေးရွာတွေအများစုမှာလည်း နေ့ဘက်ကို လျှပ်စစ်မီးဖြတ်တောက်ထားပြီး ညဘက်မှသာ မီးပေးနေတာ ရှစ်လကျော်အထိ ရှိလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

လက်ရှိ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဓာတ်အားထုတ်လုပ်နိုင်မှု အလွန်လျော့ကျနေတဲ့အတွက် ရှေ့လာမယ့်လတွေမှာလည်း မီးပြတ်ချိန်ပိုများလာမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ထားပါတယ်။

 

ဒီနှစ် ၂၀၂၄၊ စက်တင်ဘာလကစလို့ မီတာခတွေ နှစ်ဆကျော်တိုးမြှင့်ကောက်ခံနေပြီး ရန်ကုန်မြို့ခံလူထုအနေနဲ့ မီတာခတိုးဆောင်နေရပေမဲ့ မီးလာချိန်ကနည်းတာကြောင့် နေ့စဉ်လူနေမှုဘဝအခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်