သော့ခတ်ခံထားရတဲ့ ရန်ကုန် နောက်ဖေးလမ်းကြားဥယျာဉ်များ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်ကြား ကိုယ်ထူကိုယ်ထ နောက်ဖေးလမ်းကြားဥယျာဉ်တွေ တွင်တွင်ကျယ်ကျယ်ဖော်ဆောင်ခဲ့ကြပါတယ်။
အနီးနေသူနဲ့ ကလေးတွေ အပန်းဖြေ/ဆော့ကစားဖို့ နံရံပန်းချီတွေနဲ့အတူ လူငယ်လူရွယ်တွေရဲ့အားနဲ့ အမှိုက်တွေနဲ့ပြည့်နှက်နေတဲ့ နောက်ဖေးလမ်းကြားတွေ နောက်ဖေးလမ်းကြားဥယျာဉ်တွေအဖြစ် ပုံပြောင်းနိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၀၂၁ အာဏာသိမ်းအပြီး လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေ၊ အတွေးအကြံတွေ သော့ခတ်ခံလိုက်ရသလို နောက်ဖေးလမ်းကြားဥယျာဉ်တွေလည်း အလားတူပါပဲ။ အာဏာသိမ်းပြီး လေးနှစ်ပြည့်တော့မယ့် ဒီကနေ့အချိန်အထိ သော့ခတ်ပိတ်ထားပြီး ခြောက်ကပ်နေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ခန်းနေထိုင်သူတွေက လမ်းကြားတွေထဲ အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေ စည်းကမ်းမဲ့ ပြန်လည်စွန့်ပစ်မှုတွေ ရှိနေသလို ပြုပြင်ထိန်းသိမ်းမှုလည်း မရှိတော့တာကို တွေ့ရပါတယ်။
“အခုက အမှိုက်တွေသိပ်မပစ်ကြတော့တာ။ မနှစ်ကဆို တော်တော်ကိုရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ။ လိုင်းပေါ်ကို ပုံတွေတက်သွားတော့ စည်ပင်တွေလာရှင်းတယ်။ သူတို့လာတော့ ပြန်ဖွင့်ပေးမယ်ထင်တာ။ လုံခြုံရေးအကြောင်းပြပြီး ပြန်သော့ခတ်သွားတယ်” လို့ ကျောက်တံတားမြို့နယ်၊ ၃၃ လမ်းမှာ နေထိုင်သူ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က အဲဒီနောက်ဖေးလမ်းကြား ဥယျာဉ်တွေမှာ လာရောက်အပန်းဖြေသူတွေနဲ့ စည်စည်ကားကားရှိခဲ့ပေမဲ့ အခုတော့ ပြုပြင်ထိန်းသိမ်းမှုမရှိတော့တဲ့အပြင် ပြည်သူတွေဝင်ရောက်အပန်းဖြေခွင့်၊ ကလေးတွေဆော့ကစားခွင့် ပိတ်ထားတဲ့အတွက် ပျက်စီးယိုယွင်း ခြောက်ကပ်လို့နေပါတယ်။
ဒါကြောင့် ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်ထဲက နာမည်ကျော် ၃၃ လမ်းနဲ့ ၃၄ လမ်းရှိ ရုပ်ရှင်လမ်းကြားဥယျာဉ်က ပုံရိပ်တွေကို CJ Platform က ရိုက်ကူးဖော်ပြအပ်ပါတယ်။
ဓာတ်ပုံ – ကိုထက်