လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်‌လို့ ဖမ်းဆီးခံရသူ နှစ်ထောင်နီးပါး ရှိလာ

Author ညိမ်
Categories
Published on Dec 03, 2024

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီကို လူမှုကွန်ရက်ကနေ ဝေဖန်ပြောဆိုမှုတွေ၊ လူထု လှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ထောက်ခံ ရေးသားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁,၈၄၀ ဦး ရှိလာပြီဖြစ်တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ Data For Myanmar ရဲ့  အစီရင်ခံစာအရ သိရပါတယ်။

 

စစ်ကောင်စီကို ဝေဖန်ပြောဆိုမှုတွေကြောင့် အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပြီး အခု ၂၀၂၄ ခုနှစ်မှာတော့ ဖမ်းဆီးခံရသူ ဦးရေဟာ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

 

၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီလကနေ  ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်အထိ မြို့နယ်ပေါင်း ၂၂၃ မြို့ မှာ ဖမ်းဆီးမှု အများဆုံးဖြစ်ပြီး အဲဒီထဲ ပဲခူး၊ ချမ်းမြသာစည်၊ မြောက်ဥက္ကလာပ၊ မဟာအောင်မြေမြို့နယ်နဲ့ ပြည်မြို့ နယ်တို့ဟာ အများဆုံးဖြစ်ခဲ့ပါတယ်။

 

ဖမ်းဆီးခံရသူအများစုဟာ ဖေ့ဘွတ်ခ်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့သလို တခြား ပလက်ဖောင်းတွေဖြစ်တဲ့ TikTok၊ Telegram နဲ့ Viber တို့မှာလည်း ဝေဖန်ပြောဆိုမှုတွေကြောင့် ဖမ်းဆီး ခံခဲ့ရတာပါ။

 

လူမှုကွန်ရက်မှာ လှုံ့ဆော်တာတွေ၊ ဝါဒဖြန့်တာတွေနဲ့ ခြိမ်းခြောက်မှုတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) စတဲ့ ပုဒ်မတွေနဲ့ အရေးယူမှုပြုလုပ်နိုင်တဲ့အပြင် PDF Game ကစားတာနဲ့ အမုန်းစကား မဖြန့်ဝေဖို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ စစ်ကောင်စီက အသိပေးထားပါတယ်။

 

အခုနှစ် ၂၀၂၄ ဩဂုတ်ကနေ အောက်တိုဘာအတွင်း  မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာ အင်တာနက် အသုံးပြုသူ စုစုပေါင်း ၁၄၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Data For Myanmar ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – ညိမ်

 

ပုံစာ – ဆိုရှယ်မီဒီယာအသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်