ကြာသပတေးနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု
“လက်စတာနည်းပြဖြစ်လာမယ့် နစ္စတယ်ရွိုင်း”
မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ နည်းပြသစ် အမော်ရင် ရောက်ပြီးနောက် နည်းပြအဖွဲ့ဝင်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။ အခုတော့ သူဟာ လက်စတာအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ဖို့ လက်ခံလိုက်ပြီဖြစ်ပါတယ်။ နစ္စတယ်ရွိင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းရဲ့ နည်းပြ အဲရစ်တန်ဟက်ရဲ့ လက်ထောက်အဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။ တန်ဟက်ထုတ်ပယ်ခံရချိန်မှာတော့ ယာယီနည်းပြအဖြစ် လေးပွဲကိုင်တွယ်ခဲ့ရာမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
****************************************
“အာနိုးလ်နေရာ ဖရင်ပေါင်ကို အစားထိုးမယ့် လီဗာပူးလ်”
လီဗာပူးလ်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့ အားထားရတဲ့ ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ် ထွက်ခွာသွားခဲ့ရင် သူ့နေရာအတွက် လေဗာကူဆင်အသင်းရဲ့ ညာနောက်ခံလူ ဂျရီမီ ဖရင်ပေါင်ကို အစားထိုးခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့ ဂျာမန်နာမည်ကြီးသတင်းစာ Bild က ဖော်ပြပါတယ်။ လက်ရှိအချိန်မှာ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ အာနိုးလ်ဟာ လီဗာပူးလ်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်ပြီး ရာသီကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်ကုန်ဆုံးမှာပါ။ သူ့ကိုခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်က အသင့်ရှိနေခဲ့ပါတယ်။
****************************************
“ရီးရဲလ်မက်ဒရစ်ကို ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့ လီဗာပူးလ်”
ပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၅ မှာတော့ လီဗာပူးလ်အသင်းဟာ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးလ်အတွက်တော့ ဒါဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ရီးရဲလ်ကို ပထမဆုံး ပြန်လည်အနိုင်ရခဲ့တာပါ။ လီဗာပူးလ်အတွက် ဂိုးတွေကို မက်အလစ္စတာနဲ့ ဂတ်ပိုတို့က သွင်းပေးခဲ့ကြတာဖြစ်ပြီး ရီးရဲလ်ဘက်က အမ်ဘတ်ပေက ပင်နယ်တီကန်ခွင့်ရခဲ့ပေမဲ့ လွဲချော်ခဲ့သလို လီဗာပူးလ်ကလည်း ရရှိခဲ့တဲ့ပင်နယ်တီတစ်ကြိမ်ကိုလည်း ဆာလားက ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ လီဗာပူးလ်ဟာ ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်မှာ ၂၀၁၈ ခုနှစ်က တစ်ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ တစ်ကြိမ်ဆုံတွေ့ခဲ့ပြီး နှစ်ကြိမ်လုံးမှာ ရီးရဲလ်မက်ဒရစ်ကသာ အနိုင်ရခဲ့တာဖြစ်လို့ လီဗာပူးလ်အနေနဲ့ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။
****************************************
“အနာဂတ်နဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ ကီဗင် ဒီဘရိုင်း”
မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းကတော့ ဒီရာသီဟာ အီတီဟတ်မှာ သူ့အတွက် နောက်ဆုံးရာသီဖြစ်လာနိုင်သလားဆိုတဲ့ မေးခွန်းအပေါ်မှာ အခုလိုဖြေကြားခဲ့ပါတယ်။ ဒီဘရိုင်းက “ရာသီအစမှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုပြုလုပ်ဖို့ တွေးထားပေမဲ့ ဒဏ်ရာပြဿနာရှိလာခဲ့တာကြောင့် စာချုပ်ကိစ္စကိုနောက်ဆုတ်ထားလိုက်ရပါတယ်။ ဒဏ်ရာကလည်း ကြာကြာမနားရလောက်ဘူးလို့ ထင်မိခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ၂ လခွဲလောက်အထိ အနားယူလိုက်ရတာပါ။ အခုတော့ အသင်းအတွက် ကစားပေးနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်းလာရင်တော့ နောက်နှစ်တွေ ဆက်ရှိမှာပါ။ အဲဒီလိုမှ မဟုတ်ရင်လည်း ဒီရာသီက နောက်ဆုံးဖြစ်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းဟာ ရာသီကုန်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒီရာသီမှာလည်း ပြိုင်ပွဲစုံ ၉ ပွဲသာ ကစားထားရသူဖြစ်ပါတယ်။
ဓာတ်ပုံ – sky sports, Goal