“ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” ကချင်၊ ကရင်နဲ့ မွန်တို့ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးရွာနိုင်

Published on Nov 28, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းကာ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ နေရာကွက်ကျား မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ အနောက် အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ သိသိသာသာရွေ့လျားခြင်းမရှိဘဲ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၇၃၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၆၅ မိုင်ခန့်အကွာမှာတည်ရှိနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဲဒီမုန်တိုင်းဟာ ယမန်နေ့ ည ၇ နာခွဲတိုင်းထွာချက်အရ ဆိုင်ကလုန်းလေတိုက်နှုန်းအထိ ရောက်လာတာတွေ့ရတဲ့အတွက် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကြေညာဖို့ အလွန်နီးစပ်နေပြီလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ငါးပေကနေ ရှစ်ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်၊ ချင်းပြည်၊ ရခိုင်ပြည်နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

 

Related News

Depend on news