ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ
ဘာစီလိုနာ – ဘရက်စ် (မနက် ၂ နာရီခွဲ)
ဘာစီလိုနာဟာ ချန်ပီယံလိဂ်အဖွင့်ပွဲတုန်းက မိုနာကိုကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကလွဲရင် အဲဒီနောက်ပိုင်းမှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်လိုအသင်းကိုတောင် ဂိုးပြတ်အနိုင်ကစားပြထားတာပါ။ ဒါပေမဲ့ အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမား လမင်းယာမယ်လ်ဒဏ်ရာရသွားပြီးနောက်မှာတော့ ခြေစွမ်းပိုင်း အနည်းငယ်ယိမ်းယိုင်သွားခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ လာလီဂါမှာ နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရပါတယ်။ ဘာစီလိုနာအနေနဲ့ အဲဒီအခြေအနေဆိုးကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားလာမှာသေချာပါတယ်။ ဘရက်စ်ကတော့ ဒီရာသီမှာ ချန်ပီယံလိဂ်ကို ပထမဆုံးကစားခွင့်ရတဲ့အသင်းဖြစ်ပေမဲ့ ထင်မှတ်မထားတာတွေလုပ်ပြပြီး လေးပွဲကစားပြီးချိန်မှာ အရှုံးမရှိသေးဘဲ အဆင့် ၄ ထိ တက်ရောက်ထားနိုင်တာပါ။ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းရယူထားတယ်ဆိုပေမဲ့ ပြည်တွင်းမှာတော့ သိပ်ပြီး မစွံ့ပါဘူး။ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးထားသလို ချန်ပီယံလိဂ်မှာလည်း ကြွေကျမယ့်အချိန်တန်ပါပြီ။ ဘာစီလိုနာအတွက် နူးကမ့်မှာ နိုင်ပွဲတစ်ပွဲဟာ သေချာပေါက် ရရှိလာပါလိမ့်မယ်။
ခန့်မှန်းချက် – ဘာစီလိုနာ ၂-၀ ဘရက်စ်
****************************************
ဘိုင်ယန်မြူးနစ် – ပီအက်စ်ဂျီ (မနက် ၂ နာရီခွဲ)
ဒီအပတ်ချန်ပီယံလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးသော ပွဲစဉ်တစ်ပွဲပါ။ ဘိုင်ယန်မြူးနစ်ဟာ ၄ ပွဲကစားပြီးချိန်မှာ ၆ မှတ်သာ ရထားသေးတာကြောင့် အဆင့် ၁၇ အထိ ရောက်နေသလို ပီအက်စ်ဂျီကလည်း ၄ ပွဲကစားပြီးချိန်မှာ ၄ မှတ်သာ ရထားပြီး အဆင့် ၂၅ အထိ ရောက်ရှိနေတာပါ။ ဒါကြောင့် ရလဒ်ကောင်းတွေရယူပြီး အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်လည်တက်လှမ်းနိုင်ဖို့အတွက် နှစ်သင်းလုံး အားထုတ်လာမှာသေချာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ရှုံးပြီးနောက်ပိုင်း ၆ ပွဲဆက်အနိုင်ရပြီး အဲဒီ ၆ ပွဲမှာ တိုက်စစ်ပိုင်းက ၁၇ ဂိုးအထိသွင်းနိုင်ခဲ့သလို ခံစစ်ကတော့ ပေးဂိုးလုံး၀ခွင့်ပြုထားရခြင်းမရှိတဲ့အထိ ပုံစံကောင်းကို ဆက်တိုက်ပြသထားနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီကလည်း ချန်ပီယံလိဂ်မှာသာ ရလဒ်ဆိုးနေပေမဲ့ ပြည်တွင်းမှာတော့ ၅ ပွဲဆက်အနိုင်ရပြီး ဇယားထိပ်မှာ ဦးဆောင်နေတာပါ။ ဖားမားလိဂ်လို့ အခေါ်ခံရတဲ့လိဂ်က ဘုရင်နှစ်သင်းဆုံတွေ့မှုဟာ အကြိတ်အနယ်ရှိမှာသေချာပေမဲ့ ပီအက်စ်ဂျီမှာ အမ်ဘတ်ပေမရှိတော့တဲ့နောက်ပိုင်း ပွဲအဖြေကိုပြောင်းလဲနိုင်တဲ့ကစားသမားမရှိသေးပါဘူး။ ဘိုင်ယန်မြူးနစ်မှာက ဟာရီကိန်းလို ဂိုးသွင်းစက်မျိုးပိုင်ဆိုင်ထားတာကြောင့် ဂျာမန်မြေမှာ ဘိုင်ယန်မြူးနစ်ပဲ အသာရသွားဖို့ များပါတယ်။
ခန့်မှန်းချက် – ဘိုင်ယန်မြူးနစ် ၂-၁ ပီအက်စ်ဂျီ
****************************************
အင်တာမီလန် – လိုက်ပ်ဇစ် (မနက် ၂ နာရီခွဲ)
အင်တာမီလန်က ဒီရာသီချန်ပီယံလိဂ်မှာ အကောင်းဆုံးပုံစံပြထားနိုင်သလို ပြည်တွင်းမှာလည်း ဇယားထိပ်က နာပိုလီကို တစ်မှတ်အကွာနဲ့ ဖိအားပေးထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ နည်းပြ အင်ဇာဂီရဲ့ ဦးဆောင်မှုအောက်မှာ အင်တာမီလန်ရဲ့ မာကျောမှုဟာ ဘယ်အသင်းကို မဆိုအနိုင်ယူနိုင်စွမ်း အပြည့်ရှိနေပါတယ်။ သူတို့ရဲ့ ထူးခြားချက်ကတော့ ချန်ပီယံလိဂ်လေးပွဲကစားပြီးချိန်မှာ ပေးဂိုးလုံး၀မရှိသေးတဲ့အချက်ပါ။ လိုက်ပ်ဇစ်ကတော့ လေးပွဲကစားလေးပွဲလုံးရှုံးပြီး ဇယားအောက်ပိုင်းမှာ ရပ်တည်နေတဲ့အသင်းဖြစ်လို့ အဝေးကွင်းမှာ အင်တာမီလန်ကို ယှဉ်ကစားနိုင်စွမ်းရှိမှာမဟုတ်ပါဘူး။ အင်တာမီလန်တိုက်စစ်သမားတွေဖြစ်တဲ့ လော်တာရို မာတီနက်ဇ်နဲ့ သူရမ်တို့သာ အဆုံးသတ်သေချာရင် မီလန်ရဲ့ အနိုင်ဟာ ပြတ်သားသွားနိုင်ပါတယ်။
ခန့်မှန်းချက် – အင်တာမီလန် ၃-၀ လိုက်ပ်ဇစ်
****************************************
မန်စီးတီး – ဖီယင်နု (မနက် ၂ နာရီခွဲ)
မန်စီးတီးအတွက် အရေးအကြီးဆုံးပွဲပါပဲ။ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့ပြီးချိန် နိုင်ပွဲတစ်ပွဲနဲ့ ပြန်လည်နိုးထဖို့ လိုအပ်နေချိန်မှာ ဖီယင်နုနဲ့ ဆုံရတာဟာ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒီပွဲအပြီးမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ ဂွာဒီယိုလာအနေနဲ့ ဒီပွဲကို မဖြစ်မနေအနိုင်ကစားထားဖို့ လိုအပ်ပါတယ်။ ဖီယင်နုကတော့ ချန်ပီယံလိဂ်လေးပွဲကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ ၆ မှတ်ရထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာလည်း မန်စီးတီးက ၂ ကြိမ်လုံး အနိုင်ရထားပါတယ်။ ဒီဘရိုင်းတို့နဲ့ ပွဲထွက်လာမယ့် မန်စီးတီးအတွက် အရေးပေါ်နိုင်ပွဲလိုအပ်နေမှုကို ဖီယင်နုတို့ ဟန့်တားနိုင်မယ် မထင်ပါဘူး။
ခန့်မှန်းချက် – မန်စီးတီး ၂-၀ ဖီယင်နု
****************************************
စပို့တင်း – အာဆင်နယ်
မန်ယူနည်းပြသစ် အမိုရင် ချန်ထားခဲ့တဲ့ စပို့တင်းကတော့ အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်နေဆဲပါ။ ချန်ပီယံလိဂ်မှာလည်း အမိုရင်စွမ်းဆောင်ပေးထားလို့ အမှတ်ပေးဇယား ဒုတိယနေရာထိ ရောက်ရှိနေပါတယ်။ ဥရောပရဲ့ ဂိုးသွင်းအကောင်းဆုံး ယိုးဂရက်စ်လို တိုက်စစ်မှူးတစ်ယောက် ပိုင်ဆိုင်ထားတာဟာ သူတို့ရဲ့ အကောင်းဆုံးသော အားသာချက်လည်း ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ စနေညမှာ နော်တင်ဟမ်ဖောရက်စ်ကို ၃ ဂိုးပြတ်အနိုင်ယူပြီး ပုံစံကောင်းပြသထားနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ မာတင်နယ်လီနဲ့ ဟာဗက်ဇ်တို့လိုကစားသမားတွေကို တစ်ပွဲလုံးအနားပေးခဲ့တာကို ကြည့်ချင်းအားဖြင့် အာတီတာဟာ ဒီပွဲကို ဘယ်လောက်အထိ အာရုံစိုက်ထားတယ်ဆိုတာလည်း တွေ့နိုင်ပါတယ်။ စပို့တင်းဟာ ပေါ်တူဂီလိဂ်မှာလည်း ၁၁ ပွဲကစား ၁၁ ပွဲလုံး အနိုင်ရထားသလို ချန်ပီယံလိဂ်မှာလည်း ရှုံးပွဲမရှိတာကြောင့် အာဆင်နယ်ကိုလည်း အသာစီးယူကစားနိုင်ဦးမယ့် အနေအထားမှာရှိပါတယ်။ အာဆင်နယ်အနေနဲ့ ပုံစံကောင်းပြပြီး ရှုံးပွဲမတွေ့အောင် ကြိုးစားရမယ့် အခြေအနေပါ။ အပြန်အလှန်သွင်းဂိုးနဲ့ သရေကျသွားဖို့ များပါတယ်။
ခန့်မှန်းချက် – စပို့တင်း ၁-၁ အာဆင်နယ်
ဓာတ်ပုံ – Goal, Opta, ESPN