တန့်ယန်းမှာ ကျားဖြန့်လုပ်သူ ၁၀၀၀ ကျော်ဖမ်းမိတဲ့အထဲ မြန်မာ ၃၀၀ ခန့် ပြန်လွှတ်ပေးမယ်လို့ UWSA ပြော

Author ရှိုး၊ အကြင်နာ
Categories
Published on Nov 20, 2024

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ကို ‘ဝ’ တပ်တွေထိန်းချုပ်အပြီး လေးလအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖျန့်လုပ်ကိုင်သူ အယောက် ၁၀၀၀ ကျော် ပထမဆုံးဖမ်းမိခဲ့တယ်လို့ UWSA ရဲ့ ဝပြည်တီဗွီ(WSTV)ရဲ့ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော်-UWSA ရဲ့တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာမှာ အောင်အောင်မြင်မြင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဝဒေသတွင်း သတင်းတွေက ဆိုပါတယ်။

 

“မှန်ပါတယ်။ ကျွန်တော်တို့”ဝ”အဖွဲ့လှုပ်ရှားတဲ့တန့်ယန်းနယ်မှာ ကျားဖျန့် ၁၀၀၀ ကျော်ဖမ်းမိတယ်။ ၇၆၂ ယောက်က တရုတ်ပြည်ကလူပါ။ မနေ့က”ဝ” တရုတ်နယ်စပ်ခြားဂိတ်မှာ လွှဲပြောင်းပေးလိုက်ပါတယ်။ ကျန် ၃၀၀ ခန့်က မြန်မာနိုင်ငံသားများဖြစ်ကြတယ်။ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ဖို့ရှိပါတယ်” လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက CJ Platform ကို ပြောပါတယ်။

 

တရုတ်နိုင်ငံ၊ ယူနန်ပြည်ရဲ့ ပြည်သူ့လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ “ဝ” ပြည်နယ်တရားရေးကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တန့်ယန်းမြို့ရှိ ကိုယ်စားလှယ်တွေက ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၇၆၂ ဦးနဲ့အတူ၊ သက်သေပစ္စည်းတွေနဲ့အတူ မိုင်းမောခရိုင်၊ ပန်ဝိုင်မြို့နယ်မှာရှိတဲ့ ဒီယုံးဟော့နယ်ခြားဂိတ်မှာ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ UWSA ဆီကနေ သိရပါတယ်။

 

အဲဒီမှာ Starlink ၇၆ ခု၊ ဖုန်း ၁၅၄၉ လုံး၊ ကွန်ပျူတာ ၈၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ရှမ်းပြည်မြောက်ပိုင်း တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးထဲ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ်တွေ အပြင်းအထန်တိုက်ပွဲဆင်နေချိန် ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့မှာ လားရှိုးခရိုင်ထဲက တန့်ယန်းမြို့ကို UWSA က အင်အားထောင်ချီနဲ့ ဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – WSTV