ပန်းတောင်းမှာ AA နဲ့ PDF တပ်ဖွဲ့ဝင်တွေ တွေ့ရင် သတင်းပေးဖို့ မြို့နယ်ဒုရဲမှူး ညွှန်ကြား အာဏာသိမ်းဆန္ဒပြပွဲတွေမှာပါဝင်ခဲ့သူတွေကိုလည်း စောင့်ကြည့်ဖို့ ပြော

Author ဆလိုင်း
Categories
Published on Nov 14, 2024

ရခိုင်ပြည်နဲ့ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့မှာ အာရက္ခတပ်တော် AA နဲ့ PDF တပ်ဖွဲ့ဝင်တွေတွေ့ပါက သတင်းပေးအကြောင်းကြားဖို့ မြို့နယ်ဒုရဲတပ်ဖွဲ့မှူးက ညွှန်ကြားလိုက်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

 

ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ မနက် ၁၁ နာရီခန့်က ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်ရဲမှူးတွေ၊ ရဲသတင်းပေးသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာ သူက ပြောခဲ့တာပါ။

 

အဲဒီတွေ့ဆုံပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲသတင်းပေးသူတွေအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့အပါအဝင် စုစုပေါင်း လူ ၁၀ ဦးထက်မနည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“ပန်းတောင်းမြို့ဟာ ရခိုင်ပြည်နယ်နဲ့ဆက်စပ်တဲ့မြို့ဖြစ်တဲ့အတွက် AA တပ်ဖွဲ့ဝင်တွေ PDF နဲ့အတူ အချိန်မရွေး အလွယ်တကူ ဝင်ရောက်လာနိုင်တယ်ဆိုပြီး ကိုယ်နေတဲ့ရပ်ကွက်မှာ AA နဲ့ PDF ဖြစ်ဖြစ်၊ သံသယလူဖြစ်ဖြစ်တွေ့ရင် သတင်းပေးဖို့ မှာကြားတာပါ” လို့ အသက် ၄၀ နှစ်အရွယ် ပန်းတောင်းမြို့နယ်ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

 

ဒါ့အပြင် သတင်းပေးသူတွေအနေနဲ့ AA နဲ့ PDF အပြင် တခြားသတင်းတွေ ရယူတဲ့အခါ ရဲတပ်ဖွဲ့မှူးရုံးမှာ ပြည်သူတွေဆီက သိမ်းဆည်းထားတဲ့ ဆိုင်ကယ်နဲ့ ကားတွေ လိုအပ်သလို အလွယ်တကူ ယူသုံးခွင့်ပြုတယ်လို့ မြို့နယ်ရဲမှူးတွေက ပြောသွားတဲ့အကြောင်း သူက ပြောပါတယ်။

 

ပန်းတောင်းမြို့မှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်က ဆန္ဒပြပွဲ ဦးဆောင်သူတွေနဲ့ ပါဝင်သူတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ကြဖို့ မြို့နယ် ဒုရဲတပ်ဖွဲ့မှူး ကျော်သီဟက သတင်းပေးသူတွေကို ညွှန်ကြားလိုက်ပါတယ်။

 

“AA နဲ့ PDF သတင်းတစ်ခုတည်းမဟုတ်ဘူး။ တခြားတော်လှန်ရေး သတင်းတွေ၊ ဆက်စပ်သူတွေအားလုံး စောင့်ကြည့်ကြဖို့ အထူးမှာကြားထားတယ်။ ပြီးတော့ သတင်းလိုက်တဲ့အချိန် ဆိုင်ကယ်၊ ကား မရှိသူတွေအနေနဲ့ မတရားသိမ်းဆည်းထားတဲ့ ရဲစခန်းက ဆိုင်ကယ်၊ ကားတွေယူသုံးဖို့ပြောတယ်” လို့ အထက်ပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

 

စစ်ကောင်စီတပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေမပြဌာန်းမီကတည်းက ပန်းတောင်းမြို့မှာ ရဲနဲ့ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ လူငယ်အမြောက်အမြား ဖမ်းဆီးခံခဲ့ရပြီး အခုအချိန်ထိ သူတို့တွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်စက်ရုံ ကပစ-၁၄ တပ်ရင်းမှာ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ပန်းတောင်းမြို့နယ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၃၁ ရက်နေ့ကစတင်ပြီး အာရက္ခတပ်တော် AA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နဲ့ ရိုးမချင်းဆက်စပ်နေပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – တပ်နဲ့ ရဲ သတင်းပေးသူတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ တွေ့ဆုံမှုကို တွေ့ရစဥ်