တောင်ကုတ်မှာ AA ထိုးစစ်ကြောင့် စစ်ကောင်စီတပ်သားတွေ စစ်ဝတ်စုံချွတ်ပြီး ထွက်ပြေးနေ AA အမြန်ဆုံးသိမ်းဖို့ မြို့ခံတွေ မျှော်လင့်
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်းကို အာရက္ခတပ်တော် AA က နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းကနေ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ အဲဒီလို မြို့တွင်းနေရာအနှံ့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်က ပျောက်ဆုံး စစ်သားစာရင်းနဲ့အတူ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
“စခန်းကုန်းတွေ အသိမ်းခံရတော့ ထွက်ပြေးတဲ့သူတွေ၊ မြို့တစ်ခြမ်းလောက်မှာတော့ တိုက်ပွဲဖြစ်နေပြီ။ ထွက်ပြေးတဲ့ စစ်သားတွေလည်း ရှိတယ်။ လူမရှိတဲ့ အိမ်တွေကို ဖျက်ဝင်ပြီးတော့ စခန်းချနေကြတဲ့ စစ်သားတွေလည်း ရှိတယ်”လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။
အာရက္ခတပ်တော် AA အနေနဲ့ တောင်ကုတ်မြို့တွင်းကို ထိုးစစ်မစခင် အစောပိုင်းရက်တွေကတည်းက စစ်ကောင်စီရဲ့ ရှေ့ထွက်စခန်းကုန်းတွေကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်(စကခ)-၅ လက်အောက်ရှိ ပန်းမြောက်တောင် အမြောက်တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
တောင်ကုတ်မြို့ကို AA တပ်တွေ မပိတ်ဆို့ထားခင်ကတည်းက စစ်ကောင်စီတပ်ဘက်က မြို့ဝင်/ထွက်တွေကို ဒီနှစ် ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက ပိတ်ဆို့ထားခဲ့တာပါ။
ဒါကြောင့် တောင်ကုတ်မြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး ကျပ်တည်းလာတာကြောင့် မြို့ခံတွေ မြို့ကို စွန့်ခွာခဲ့ကြပြီး လက်ရှိမှာ အနည်းငယ်ပဲ ကျန်ရှိတော့တယ်လို့ CJ Platform ရဲ့ Citizen Journalist ဆီကနေ သိရပါတယ်။
ဒါကြောင့် လက်ရှိ တောင်ကုတ်မြို့ခံတွေအနေနဲ့ AA တပ်တွေ အမြန်ဆုံးသိမ်းစေချင်တဲ့ ဆန္ဒရှိနေကြတယ်လို့ သူက ပြောပါတယ်။
“မြို့ထဲမှာတော့ စကစတွေလက်နက်ချပြီး အေးအေးချမ်းချမ်းပြီးသွားတာကို လိုချင်သူတွေလည်း ရှိတယ်။ တချို့ကတော့ AA ကမြန်မြန်သိမ်းပေါ့။ အဲဒီလိုကိုဖြစ်နေကြတာ” လို့ ဒေသခံတွေက သဘောထား မှတ်ချက်ပြုကြောင်းကိုလည်း CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။
တောင်ကုတ်မြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်လကျော် ကြာမြင့်သွားပြီဖြစ်ပြီး တိုက်ပွဲတွေကြောင့် စျေးတွေလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
မြို့တွင်း တိုက်ပွဲတွေအခြေအနေတွေကို CJ Platform က ဆက်လက် ဖော်ပြပေးသွားနိုင်ဖို့ ကြိုးစားနေပါတယ်။
ပုံစာ – တောင်ကုတ်မြို့ တစ်နေရာကို စက်တင်ဘာလအတွင်းက မြင်ရပုံ