၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဟု အကြမ်းဖက် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောလာ

Author လင်းခိုင်
Categories
Published on Oct 15, 2022

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့တွင်ပြုလုပ်သည့် NCA စာချုပ် ချုပ်ဆိုခြင်း ၇နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ တည်ဆဲဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရပါလိမ့်မယ်။ ဒါမှ သာတိုင်းရင်းသားအားလုံး ဒီမိုကရေစီအနှစ်သာရ၊ ပြည်ထောင်စု စနစ်ရဲ့ ကောင်းမွန်တဲ့ အဓိပ္ပာယ်ပြည့်၀မှုတွေကို ခံစားနိုင်မှာဖြစ်ပါတယ်” ဟု မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်သွားမည်ဖြစ်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံးပါ၀င်သည့် အစုအဖွဲ့များနှင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟုလည်း မင်းအောင်လှိုင်က ပြောကြားခဲ့ပြန်သည်။

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် စဉ်းစားနေကြောင်း NUG ကာကွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးရည်မွန်က အောက်တိုဘာ ၅ရက်နေ့တွင် ပြောကြားထားသည်။

အဓိက ဖျက်သိမ်းခြင်းရသည့် အကြောင်းအရင်းနှစ်ရက်ရှိပြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်တပ် ထင်သလိုအာဏာသိမ်းလို့မရခြင်းနှင့် ဖွဲ့စည်းပုံသည် စစ်အုပ်စု၏ အာဏာနှင့် ကိုယ်ကျိုးစီးပွား လိုသလို ဖြည့်မပေးနိုင်ခြင်း တို့ကြောင့် ဖြစ်သည်ဟု ဦးရည်မွန်ကပြောကြားထားသည်။

မင်းအောင်လှိုင်အနေဖြင့် ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ပြောကြားမှုသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို မက်လုံးပေးပြောကြားမှုဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။