ဧည့်စာရင်းနဲ့ နေသူတွေကို စားဆီစာအုပ် လုပ်ပေးဖို့ စာရင်းကောက်
ရန်ကုန်၊ မြို့နယ်တချို့မှာ စားဆီစာအုပ် မရှိသေးတဲ့ ဧည့်စာရင်းနဲ့ နေထိုင်သူတွေဆီ စာအုပ်လုပ်ပေးဖို့ လူဦးရေစာရင်းတွေ အခုရက်ပိုင်းအတွင်း တောင်းယူနေတယ်လို့ ဧည့်စာရင်းနဲ့နေသူတွေဆီက သိရပါတယ်။
လက်ရှိ အပြောင်းအလဲပြုလုပ်ထားတဲ့ ဧည့်စာရင်းစာအုပ် အသစ်မှာပါတဲ့ လူဦးရေစာရင်းနဲ့ အိမ်ရှိ မိသားစု ဓာတ်ပုံပါ ပေးရတယ်လို့ လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက်က ဧည့်စာရင်းနဲ့ နေထိုင်သူ ကိုမျိုးက ပြောပါတယ်။
“ဧည့်စာရင်းစာအုပ် အရင်အဟောင်းတွေကို အသစ်လဲခိုင်းတယ်။ လူဦးရေစာရင်းကိုလည်း လက်ရှိအိမ်မှာနေတဲ့သူကိုပဲ ကောက်တာ။ မိသားစုဓာတ်ပုံလည်း ပေးရတယ်။ အဲဒီ ဦးရေအတိုင်းပဲ ဆီဝယ်လို့ရမယ်ပေါ့။ စာရင်းတွေ၊ ဓာတ်ပုံတွေတော့ ပေးလိုက်ရပြီ။ ဘယ်ကာလမှ ရလာမလဲမသိဘူး။ အခုကတော့ ကတ်လည်းမရတော့ အပြင်ကပဲ ဝယ်စားနေရသေးတယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တချို့မှာလည်း အိမ်ထောင်စုစာရင်း ကိုင်ထားတဲ့သူတွေတောင် စားဆီစာအုပ် မရသေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကတ်နဲ့ပဲ ဝယ်နေရသေးတယ်။ ကတ်ကလည်း သူတို့စိတ်လိုလို့ ပေးတဲ့အချိန်မှ ရတာလေ။ စာအုပ်ဆိုတာ ဝေးရော။ စာရင်းကောက်ထားတာတော့ ရှိတယ်။ အခုထိကို ရမလာသေးတာ။ ဧည့်စာရင်းသမားတွေလည်း အတူတူပဲ”လို့ (က) ရပ်ကွက်က အသက် ၅၀ အရွယ် အမျိုးသမီးက ပြောပါတယ်။
လက်ရှိ စာအုပ်နဲ့ ဝယ်ယူနေရသူ တချို့ဟာ သတ်မှတ်ဈေးနှုန်းထက် ပေးဝယ်နေရတာတွေလည်း ရှိနေပြီး သတ်မှတ်ရောင်းဈေးထက် ပိုရောင်းချနေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
“သူတို့ ရည်ညွှန်းဈေးက ၆,၅၀၀ ကျော်ဆို၊ ကိုယ်စားလှယ်ဆိုင်တွေကို ၇,၀၀၀ ကျော် လောက်နဲ့ စတိမှတ်ပြီး ရောင်းခိုင်တာ။ ကျွန်မတို့ဆီက အုပ်ချုပ်ရေးမှူးအိမ်မှာ သွားဝယ်ရတယ်။ တကယ်ဝယ်နေရတာက ၇,၀၀၀ ကျော်ဆိုရင် ကျွန်မတို့က ၈,၀၀၀ ကျော် အဲဒီလိုတွေ ကွာနေတာ”လို့ လှိုင်မြို့နယ် အမှတ် (၁၅) ရပ်ကွက်နေ အမျိုးသမီးတစ်ယောက်က CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ ပုံမှန်စာအုပ်နဲ့ ဝယ်ယူနေရတဲ့ ဈေးနှုန်းက တစ်ပိဿာကို ၇,၄၀၀ ကျပ် ဖြစ်ပါတယ်။
ရန်ကုန်မှာ စားသုံးဆီကို သမဝါယမစနစ် စာအုပ်နဲ့ ဝယ်ယူနေရတာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ခဲ့တာဖြစ်ပြီး လက်ရှိအထိ စာအုပ်မရသေးတဲ့ သူတွေလည်း ရှိနေပါတယ်။
လက်ရှိ စားသုံးဆီဈေးနှုန်းတွေဟာ ဆီကုန်သည်အသင်းက သတ်မှတ်တဲ့ ရည်ညွှန်းဈေး အနည်းငယ် ပြန်တက်လာပြီး တစ်ပိဿာကို ၆,၅၉၅ ကျပ် ဖြစ်ကာ ပြင်ပပေါက်ဈေးကတော့ တစ်ပိဿာကို ၁၅,၀၀၀ ကျပ် အထိ ဖြစ်နေပါတယ်။
ဓာတ်ပုံ – MOI
ပုံစာ – ဆီအသင်းက ဆီရောင်းချပေးနေပုံ (ပုံအဟောင်း)