မြောက်ကိုရီးယားက ပင်လယ်ထဲကို တာတိုပစ်ဒုံးကျည်တွေ ပစ်လွှတ်၊ ကန်အပါအဝင် မဟာမိတ်တွေက စောင့်ကြည့်နေ

Author CJ Platform
Categories
Published on Nov 05, 2024

မြောက်ကိုရီယားနိုင်ငံဟာ ဒီကနေ့ နိုဝင်ဘာ ၅ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီခွဲဝန်းကျင်မှာ  အရှေ့ပိုင်းကမ်းခြေကနေ ပင်လယ်ထဲကို တာတိုပစ်ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

 

ဒုံးကျည်တွေကို မြောက်ကိုရီးယားမြို့တော် ပြုံယမ်းရဲ့ တောင်ဘက်က ဆာရီဝမ်ဒေသကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ခန့်မှန်းခြေ ကီလိုမီတာ ၄၀၀(၂၄၈ မိုင်) အကွာအဝေးအထိ ရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆက်ပြောပါတယ်။

 

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒုံးကျည်တွေဟာ ပင်လယ်ထဲကို ကျရောက်သွားပြီဖြစ်ပြီး လတ်တလောထိတော့ ထိခိုက်ပျက်စီးမှု သတင်း တစ်စုံတစ်ရာ မရရှိသေးဘူးလို့ ဆိုပါတယ်။

 

အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ လတ်တလောခြိမ်းခြောက်မှုတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

“ဒီဖြစ်ရပ်ဟာ အမေရိကန်ပြည်သူတွေ၊ နယ်မြေဒေသတွေ ဒါမှမဟုတ် မဟာမိတ်တွေကို လတ်တလောခြိမ်းခြောက်မှု မဟုတ်ဘူးလို့ သုံးသပ်ထားပေမဲ့ အခြေအနေကိုတော့ ဆက်လက်စောင့်ကြည့်နေပါတယ်” လို့ အမေရိကန် အင်ဒို- ပစိဖိတ် စစ်ဌာနချုပ်က ကြေညာချက်မှာ ဖော်ပြပါတယ်။

 

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ အမေရိကန်ကုန်းမကြီးအထိ ရောက်ရှိနိုင်တဲ့ နောက်ဆုံးပေါ် တိုက်ချင်းပစ်ဒုံးကျည် Hwasong-19 ကို ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ပစ်လွှတ်ပြီး ရက်အနည်းငယ်အကြာမှာပဲ အခုလိုမျိုး တာတိုပစ်ဒုံးကျည်တွေကို ထပ်ပြီးပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က တောင်ကိုရီးယား၊ ဂျပန်တို့နဲ့အတူ နိုဝင်ဘာ ၃ ရက်နေ့မှာ B-1B ဗုံးကြဲလေယာဉ်တွေပါ ပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။

 

အဲဒီစစ်ရေးလေ့ကျင့်မှုကို ကင်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံးက ပြိုင်ဘက်တွေဟာ ရန်လိုပြီး စွန့်စားလွန်းတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒီကနေ့မှာပဲ စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

မြောက်ကိုရီးယားဟာ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မျက်ကွယ်ပြုပြီး ၂၀၂၂ ခုနှစ်ကနေစပြီး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေခဲ့တာပါ။

 

လေ့လာသုံးသပ်သူတွေကတော့ မကြာခင် စတော့မယ့် အမေရိကန်ရွေးကောက်ပွဲ မတိုင်ခင်မှာ လုပ်ဆောင်ခဲ့တဲ့ ဒုံးကျည်တွေပစ်လွှတ်ခဲ့မှုဟာ အမေရိကန်ရဲ့ အာရုံစိုက်မှုကို ရရှိစေဖို့ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဒုံးကျည်တွေပစ်လွှတ်မှုဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်ဟွေက ရုရှားသမ္မတပူတင်တဲ့ ကရင်မလင်နန်းတော်မှာ တွေ့ဆုံချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

 

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ယူကရိန်းတို့ရဲ့ ထောက်လှမ်းရေးတွေကတော့ မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို အကူအညီပေးဖို့ မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိ ပို့ဆောင်ထားတယ်ိလို့ ခန့်မှန်းထားကြပါတယ်။

 

မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ရုရှားဘက်က ယူကရိန်းကို ကျူးကျော်စစ်စတင်ပြီး နောက်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့သလို ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း ကျူးကျော်စစ်တွေကို တွန်းလှန်ဖို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန်ကူညီပေးကြဖို့ဆိုတဲ့ အချက်အပါအဝင် ဘက်စုံမဟာဗျူဟာမိတ်ဘက်စာချုပ်မှာ လက်မှတ်ရေးထိုးထားခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – KCNA

 

ပုံစာ – အောက်တိုဘာ ၃၁ ရက်နေ့က Hwasong-19 တိုက်ချင်းပစ်ဒုံးကျည်ကို မြောက်ကိုရီးယားက ပစ်လွှတ်စဉ်

 

ကိုးကား – DW News, Al Jazeera