ချင်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ပြည်သူတွေ နည်းလမ်းမျိုးစုံသုံး ဆက်သွယ်နေရ
ချင်းပြည်မှာ မြို့တော် ဟားခါးကလွဲရင် ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ မြို့တွေမှာ ပြည်သူတွေ ဆက်သွယ်မှုရဖို့ နည်းလမ်းမျိုးစုံ အသုံးပြုနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီမြို့တွေက ဒေသခံတွေဟာ အဝေးရောက် မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့၊ သတင်းအချက်လက်တွေရဖို့နဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွေမှာ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဖုန်းနဲ့ အင်တာနက်လိုင်းတွေ မရတဲ့အတွက် အဝေးရောက် မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ ဖုန်းလိုင်းရတဲ့နေရာကို ခြေကျင်နဲ့ ရှစ်မိုင်ခန့် သွားနေရတယ်လို့ အသက် ၂၀ နှစ်အရွယ် ပလက်ဝမြို့နယ်၊ နှမဒါချောင်း ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရွာမှာ ဖုန်းလိုင်းမရဘူး။ ဖုန်းပြောချင်တယ်ဆို ဖုန်းလိုင်းရတဲ့နေရာကို ခြေကျင်နဲ့ တောင်တက်ရတယ်။ တောင်ထိပ်ရောက်မှ ဖုန်းလိုင်းမိတယ်။ အဲဒီခါကျမှပဲ ရန်ကုန်ရောက်နေတဲ့ မိသားစုဝင်ဖြစ်ဖြစ်၊ ထိုင်း၊ တရုတ်၊ မလေးရှားရောက်နေတဲ့ မိသားစုဝင်ဖြစ်ဖြစ် ဖုန်းပြောလို့ရတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဖုန်းနဲ့ အင်တာနက်လိုင်း မရတဲ့မြို့တွေမှာ ဒေသခံတွေဟာ လူမှုရေး၊ ကျန်းမာရေးကအစ Kpay၊ Wave pay ငွေလွှဲငွေထုတ်ရာမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အသက် ၃၈ နှစ်အရွယ် တီးတိန်မြို့ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လူမှုရေး၊ ကျန်းမာရေး စတဲ့အရေးပေါ်ကိစ္စတွေမှာ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ဖို့ ဖုန်းလိုင်း၊ အင်တာနက်က အရမ်းအရေးကြီးပါတယ်။ တကယ်လည်း လိုအပ်တယ်။ ဖုန်းခေါ်ပြောလိုက်လို့ ပြီးသွားမယ့်ကိစ္စတွေမှာ လူကိုယ်တိုင်သွားရောက်နေရတဲ့ခါမျိုးမှာ အလုပ်ပျက်သလို အချိန်လည်းကုန်တယ်” လို့ သူက ဆိုပါတယ်။
ဒါကြောင့် တီးတိန်မြို့နယ်အတွင်း ငွေလွှဲငွေထုတ်ပြုလုပ်တဲ့အခါမှာလည်း တခြားမြို့တွေထက် ရာခိုင်နှုန်းပိုပေးနေရတယ်လို့ သိရပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်က ဒေသတွေမှာ နေထိုင်သူတွေကတော့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေအတွက် မြန်မာဆင်းကတ်မသုံးဘဲ အိန္ဒိယဆင်းကတ် အသုံးပြုနေကြရတယ်လို့ အသက် ၃၀ ဝန်းကျင် ရိဒ်ခေါဒါရ်မြို့ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အခုဆို သုံးသူတွေပိုများလာတယ်။ အသုံးပြုရတာလည်း အဆင်ပြေတယ်။ ဒါပေမဲ့ နယ်စပ်နဲ့ ၁၀ မိုင်လောက် ဝေးသွားရင် သုံးလို့မရဘူး” လို့ သူက ပြောပါတယ်။
အသံ-Athan အဖွဲ့ရဲ့ ဒီနှစ် ၂၀၂၄ သြဂုတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ နိုင်ငံတစ်ဝှမ်း မြို့နယ် ၉၂ ခုမှာ အင်တာနက်နဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံထားရတယ်လို့ဆိုထားပြီး အဲဒီထဲ ချင်းပြည်က ရှစ်မြို့နယ်ပါဝင်ပါတယ်။
ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ တီးတိန်၊ ထန်တလန် စတဲ့မြို့နယ်တွေက နေရာတချို့မှာ ဖုန်းလိုင်းရသလို ဖလမ်းနဲ့ ကန်ပက်လက်မြို့ပေါ်မှာတော့ 2G အင်တာနက် ရံဖန်ရံခါ သုံးစွဲလို့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကန်ပက်လက်၊ မတူပီ၊ မင်းတပ် စတဲ့မြို့နယ်တွေက ဖုန်းနဲ့ အင်တာနက်လိုင်းမရတဲ့ ကျေးရွာတချို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ တပ်ဆင်ပေးတဲ့ စတားလင့်နဲ့ ဒေသခံတွေ အင်တာနက် သုံးစွဲနေကြတယ်လို့ အသက် ၃၀ နှစ်အရွယ် မင်းတပ်မြို့နယ်မှ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကျွန်တော်တို့ ရွာမှာ CDF-Daai ကနေ တပ်ဆင်ပေးတဲ့ စတားလင့်ရှိတယ်။ အဲဒါနဲ့ သူတို့ဆီက ခွင့်တောင်းပြီး တစ်နေကုန်မဟုတ်ပေမဲ့ နာရီပိုင်း အင်တာနက် သုံးလို့ရတယ်။ ငွေလွှဲငွေထုတ် လုပ်လို့လည်း အဆင်ပြေနေကြတယ်” လို့ သူက ပြောပါတယ်။
ဖုန်းနဲ့ အင်တာနက်လိုင်းတွေ မရတဲ့အတွက် ချင်းပြည်က စစ်ဘေးရှောင်တွေဟာ လိုအပ်တဲ့ အကူအညီတောင်းခံမှုတွေလည်း မရဘူးလို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ရနေသေးတဲ့ ဟားခါးမြို့ခံတစ်ဦး လူမှုကွန်ရက်အသုံးပြုနေပုံ