ငါးရက်ကြာ ပျောက်ဆုံးနေတဲ့ ‘ဂျားကစ်စားဘူးသရီး’ ရုပ်ရှင် ဝေဖန်သူ လှိုင်ရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးခံထားရ

Author လဂွန်းအိမ်
Categories
Published on Oct 31, 2024

ဒါရိုက်တာ ကိုဇော်(အာရုံဦး)ရိုက်ကူးတဲ့ ‘ဂျစ်ကားစီးဖူးသလား။ ဂျားကစ်စားဘူးသရီး’ ရုပ်ရှင်ကို ဝေဖန်သူ ကိုရှိုင်းထက်အောင်(ခ)ဟာဆယ်ယွန် ပျောက်ဆုံးနေတာ ငါးရက်အကြာ ရန်ကုန်မြို့၊ လှိုင်မြို့မရဲစခန်းမှာ စစ်ကောင်စီက အမှုဖွင့်ခံထားရတယ်ဆိုပြီး ပြန်လည်ပေါ်ထွက်လာပါတယ်။

 

သူ့ လူမှုကွန်ရက်အကောင့်ကနေ အောက်တိုဘာ ၂၄ ရက်မှာ အဲဒီရုပ်ရှင်နာမည်နဲ့ပတ်သက်ပြီး “ဟိန္ဒူရိုးရာ ယဥ်ကျေးမှုကို ပျက်ရယ်ပြုစော်ကားသလိုဖြစ်နေတယ်” လို့ ဝေဖန်ပြောဆိုခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့တာပါ။

 

သူ့ရဲ့ဝေဖန်မှုဟာ လူမှုကွန်ရက်မှာ ထောက်ခံသူ၊ မျှဝေသူတွေ များပြားပြီး ရေပန်းစားသွားတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးလိုက်တာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီက တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်ခဲ့တယ်ဆိုပြီး လှိုင်မြို့မရဲစခန်းမှာ သူ့ကို ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီက ယမန်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

 

ဒီမတိုင်ခင် မိသားစုနဲ့ အဆက်အသွယ်ပြတ်နေခဲ့ပြီး အခုတော့ ကိုဟာဆယ်ယွန်ကို တွေ့ခွင့်ရရေး မိသားစုက ကြိုးပမ်းနေတယ်လို့ သူ့မိတ်ဆွေတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သတင်းသဲ့သဲ့ကြားပေမဲ့ မသေချာသေးဘူးထင်နေခဲ့တာပါ။ ရဲစခန်းတွေကို လူပျောက်တိုင်ထားပေမဲ့ အကြောင်းမပြန်ခဲ့ဘူး။ သတင်းတွေတက်လာမှ မိသားစုဝင်တွေ သိရတာပါ။ ညကမှ သိခဲ့ရတာပါ” လို့ သူက ပြောပါတယ်။

 

အခုဖမ်းထားတဲ့ လှိုင်နဲ့ မရမ်းကုန်းမြို့မရဲစခန်းတွေမှာ သူ့မိသားစုက လူပျောက်တိုင်ထားပေမဲ့ စစ်ကောင်စီလက်အောက်ခံတွေဘက်က မိသားစုဆီ ဆက်သွယ်အကြောင်းကြားလာတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

 

ဒီပဝလီ(Dipavali)ပွဲတော်နဲ့ အချိန်ကိုက်ဆိုသလို ထွက်ရှိလာတဲ့ ကားနာမည်ဟာ မြန်မာနိုင်ငံရှိ အိန္ဒိယနွယ်ဖွားတွေကို ချိုးနှိမ်ဖို့ သုံးနှုန်းထားတာလို့ ကိုဟာဆယ်ယွန်က ဝေဖန်ခဲ့တာပါ။

 

နောက်တစ်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ခဝဲခြံမျက်မမြင်ကျောင်းမှာ အသံလှူနေရင်း ဖုန်းပြောမယ်လို့ဆိုကာ ခဏအပြင်ထွက်သွားရင်းကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

သူပျောက်သွားပြီးနောက် အောက်တိုဘာလ ၂၉ ရက်နေ့က ဟိန္ဒူဘာသာနဲ့ ရိုးရာယဉ်ကျေးမှုကို အပျော်အပြက်ဟာသ ရယ်စရာအဖြစ် သရော်လှောင်ပြောင်ထားတဲ့အတွက် ပြင်းထန်စွာကန့်ကွက်ကြောင်း မြန်မာ-ဟိန္ဒူသမဂ္ဂနဲ့ မြန်မာဟိန္ဒူအစည်းအရုံးတို့က ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။

ဒီရုပ်ရှင်ကို ဟိန္ဒူလူကြီးတွေကို ပြသခဲ့တဲ့အပြင် သူတို့ရဲ့ ခွင့်ပြုချက်နဲ့ ဆင်ဆာတင်ခဲ့တာဖြစ်သလို ဟိန္ဒူလူမျိုးတွေကို စော်ကားလိုစိတ်နဲ့ ရိုက်ကူးခဲ့တာမဟုတ်ဘူးလို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က အနုပညာသတင်းတွေ ဖော်ပြတဲ့ ပြည်တွင်း အွန်လိုင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – Her Sal Yon’s Facebook

 

ပုံစာ – စစ်ကောင်စီဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကိုရှိုင်းထက်အောင်(ခ)ဟာဆယ်ယွန်

 

Related News

Depend on news