စလင်းမှာ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို ဥပဒေအတိုင်းအရေးယူနိုင်ရေး လုပ်ဆောင်နေလို့ မြို့နယ်ပကဖပြော

Author Justino
Categories
Published on Oct 31, 2024

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို ရာဇသတ်ကြီးဥပဒေနဲ့အညီ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူနိုင်စေရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ အဲဒီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ စုံစမ်းသိရှိရပါတယ်။

 

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက တော်လှန်ရေးတပ်ဖွဲ့စိုးမိုးနယ်မြေဖြစ်တဲ့ မြောင်းသစ်နဲ့ ဂုံညှင်းနွယ်ကျေးရွာအကြားမှာ ဂုံညှင်းနွယ်ရွာနေ ဦးစံ(၄၂)နှစ်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ဦးစံက အိမ်ထောင်လေးဆက်ရှိပြီ။ အသက်က ၃၉ ၀န်းကျင် အပျိုကြီး၊ လယ်ယာကိုင်းကျွန်းကိုသွားချိန် ဦးစံက မုဒိန်းကျင့်တယ်။ သတ်ဖြတ်ခဲ့တယ်။ နောက်တစ်ကျော့သွားပြီး သေလား စစ်ဆေးချိန်မှာ Rape ကိစ္စ မသိအောင် အမျိုးသမီးအင်္ဂါနဲ့ ရင်သားလှီးဖြတ်ထားခဲ့တာ” လို့ စလင်းမြို့နယ်ပကဖမှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီလို သေဆုံးနေတာကို လယ်ယာလုပ်ငန်း သွားသူတွေက တွေ့ရှိခဲ့ပြီး စလင်းပကဖဆီ အကြောင်းကြားလာတာကနေ ပကဖနဲ့ ပအဖ ပူးပေါင်းစုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အောက်တိုဘာ ၂၂ ရက်နေ့မှာ ဦးစံကို ထိန်းသိမ်းခဲ့တယ်လို့ သူက ပြောပါတယ်။

 

နစ်နာသူနဲ့ ဆွေမျိုးမကင်းတဲ့ တရားခံဟာ အောက်တိုဘာ ၂၂ နဲ့ ၂၃ ရက်နေ့အထိ ၀န်မခံခဲ့ဘဲ အမျိုးသမီးကို သတ်ဖြတ်ခဲ့ရာမှာအသုံးပြုခဲ့တဲ့ ဂေါ်ပြားနဲ့တကွ သက်သေတွေထွက်လာချိန်မှာတော့ သူသတ်ကြောင်း ဝန်ခံခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

 

လတ်တလော တရားခံ ဦးစံကို စလင်းမြို့နယ် ပကဖနဲ့ ပအဖတို့က ထိန်းသိမ်းထားပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ၀န်ကြီးဌာနအဆင့်ဆင့်တင်ပြပြီးနောက် အဲဒီကချမှတ်တဲ့ တရားရေးနဲ့ အဓိကဆောင်ရွက်မယ်လို့ သိရပါတယ်။

 

ဦးစံကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇‌၆ နဲ့ ၃၀၂ တို့အပြင် ကြိုတင်ကြံစည်မှုတွေနဲ့ပါ အမှုဖွင့်ထားပြီး စလင်းမြို့နယ်ပကဖနဲ့ ပအဖအဖွဲ့တွေကနေ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

စလင်းပကဖ စိုးမိုးနယ်မြေအတွင်း ဖြစ်ပွားတဲ့ အမှုအခင်းတွေကို ရာဇသတ်ကြီးပုဒ်မနဲ့အညီ ထောင်ဒဏ်(သို့မဟုတ်)သေဒဏ်ချမှတ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

 

ဓာတ်ပုံ – စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့