မန်း PDF အချုပ်ဆောင်ကို စစ်ကောင်စီ ဗုံးထပ်ကြဲလို့ ဗိုလ်မှူးအပါအဝင် ၄ ဦးသေဆုံး၊ သေဆုံးသူ ၁၆ ဦးထိရှိလာ

Author လဂွန်းအိမ်
Categories
Published on Oct 30, 2024

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ဆောင်ကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာလ ၃၀ ရက် မနက် ၁ နာရီခန့်မှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ်ဗုံးကြဲမှုအတွင်း ဖမ်းမိ စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦး ထပ်မံသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့ မနက်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူတွေထဲ ၇ မိုင် အမှတ်-၂ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ-၂)က ဗိုလ်မှူး နေဝင်း အပါအဝင် သပိတ်ကျင်း စခတ-၂ က တပ်ကြပ်တစ်ဦး၊ မိတ္ထီလာ အမြောက်တပ်-၃၁၉ က တပ်ကြပ်ကြီးစာရေးနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် တစ်ဦးတို့ ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ သူ့တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ နှစ်ရက်အတွင်း ၁၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သုံ့ပန်း ရှစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးတဲ့အပြင် အယောက် ၆၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ယမန်နေ့က ထုတ်ပြန်ထားပါတယ်။

 

သေဆုံးသူတွေထဲ ခမရ-၇၀၈ တိုက်ကြီးမြို့နယ်က ဗိုလ်ကြီးတစ်ဦး၊ ဒုတပ်ကြပ် နှစ်ဦး၊ တပ်ကြပ် တစ်ဦးတို့နဲ့တကွ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ-၁၀၁၄)က တပ်ကြပ်ကြီးစာရေး တစ်ဦး၊ ခမရ-၇၇ ရေနံချောင်းမြို့က ဒုတပ်ကြပ် တစ်ဦးနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် နှစ်ဦးတို့ ပါဝင်တယ်လို့ မန်း PDF ရဲ့ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးဟာ စဉ့်ကူးမြို့၊ သပိတ်ကျင်းမြို့တို့ကို ထိန်းချုပ်ထားသလို မတ္တရာမြို့နယ်ထဲက တပ်စခန်း ၃၅ ခုကိုလည်း သိမ်းပိုက်ထားပါတယ်။

 

ဓာတ်ပုံ – MDY PDF

 

ပုံစာ – ဒီကနေ့ မနက်ပိုင်း မန်း PDF အချုပ်ဆောင် ဗုံးကြဲတိုက်ခိုက်ခံရအပြီး မြင်တွေ့ရစဉ်