စစ်တွေမြို့ မင်းဂံရပ်ကွက်ကို စစ်ကောင်စီဝင်စီး၊ အမျိုးသမီးတွေအပါအဝင် မြို့ခံ ၂၅ ယောက်ကို ဖမ်းဆီးသွား

Author သုတ
Categories
Published on Oct 26, 2024

ရခိုင်ပြည် မြို့တော်စစ်တွေမှာ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၂၅ ယောက်ကို အောက်တိုဘာလ ၂၄ ရက်၊ ည ၇ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

အင်အား ၁၀၀ ဝန်ုးကျင် ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကားတစ်စီး၊ ရဲအချုပ်ကားတစ်စီးတို့နဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက်ထဲကို  ဝင်ရောက်လာခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ဧည့်စာရင်း ဝင်စစ်တဲ့ ပုံစံ ဝင်စစ်တာ။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တွေလည်း စစ်တယ်။ တချို့ကို ဖမ်းဆီးသွားတယ်။ မှတ်ပုံတင်မှာ စစ်တွေမဟုတ်တဲ့ သူတွေကို အဓိက ဖမ်းတာဖြစ်မယ်လို့ ထင်ပါတယ်”လို့ သူက ဆိုပါတယ်။

 

စစ်ကောင်စီတပ်ဟာ ဧည့်စာရင်း၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တို့ကို စစ်ဆေးကြည့်ရှု့ခဲ့ပြီး နေအိမ်တွေနဲ့ လမ်းမပေါ် မှာ ပုံမှန်သွားလာနေတဲ့ မြို့ခံတွေကိုပါ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“သူတို့ကို တွေ့ရင် ဘယ်သူမှ ဘေးနားက ဖြတ်မလျှောက်ချင်ဘူးလေ။ ဒီကောင်တွေက သိတဲ့အတိုင်းပဲ။ အဲဒါကြောင့် သူတို့ကို တွေ့လို့ ရှောင်သွားရင်လည်း မသင်္ကာတဲ့ သဘောနဲ့ လိုက်ဖမ်းတယ်။ မိရင်တော့ ထွက်ပြေးလို့ဆိုပြီး ရိုက်နှက်တာမျိုး လုပ်တာရှိတယ်”လို့ သူက CJ Platform ကို ရှင်းပြပါတယ်။

 

ဖမ်းဆီးခံရသူတွေအထဲ အမျိုးသမီးတွေနဲ့ လူငယ်တွေလည်းပါဝင်ပြီး သူတို့ကို ရပ်ကွက်ထဲရှိ ရဲစခန်းမှာ လူစုပြီး အချုပ်ကားနဲ့ တင်ဆောင်ကာ စစ်တွေမြို့မရဲစခန်းဘက်ကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွအနက် တချို့ကို ငွေ ကျပ် ခြောက်သိန်းကနေ ကျပ် ၁၀ သိန်းအထိ တောင်းကာ ပြန်လွှတ်ပေးပေမဲ့ တချို့ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရဘဲ  မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

စစ်တွေမြို့ဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေထဲက တစ်ခုဖြစ်ပြီး မကြာခဏဆိုသလို ဧည့်စာရင်းအကြောင်းပြကာ နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးတာတွေနဲ့ လမ်းသွားလမ်းလာ တချို့တို့ကိုလည်း မသင်္ကာသူလို့ သတ်မှတ်ကာ ဖမ်းဆီးမှုတွေ ပြုလုပ်လေ့ရှိပါတယ်။

 

စစ်ကောင်စီဟာ စစ်တွေမြို့ကနေ ထွက်ခွာခွင့် ပိတ်ပင်ထားတဲ့အတွက် မြို့အတွင်း ပိတ်မိပြီး ကျန်ရှိနေသေးတဲ့ ဒေသခံတွေဟာ အမျိုးမျိုး ဖိနှိပ်ခံနေရပြီး အခက်ခဲတွေ ကြုံတွေ့နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။