ဖလမ်းမြို့  နယ်မြေစိုးမိုးရေးအတွက် တပ်ဖြန့်နေတဲ့ စစ်ကောင်စီနဲ့ CNDF တို့ တိုက်ပွဲဖြစ်

Author ဆလိုင်း
Categories
Published on Oct 26, 2024

ချင်းပြည်၊ ဖလမ်းမြို့မှာ နယ်မြေစိုးမိုးရေးအတွက် တပ်ဖြန့်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အောက်တိုဘာလ ၂၅ ရက်၊ မနက် ၉ နာရီမှာ  ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ရှိသူထံက သိရပါတယ်။

 

ဖလမ်းအခြေစိုက် စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းဟာ အင်အား ၄၀ ခန့်နဲ့ အထက (၁) ကျောင်းဘက်မှာ ခြေကုပ်နေရာယူတပ်စွဲဖို့ စစ်ကြောင်းထိုးအလာ CNDF က ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်ပြန်ဆုတ်သွားတယ်။ ရာသီဥတုက အတော်ဆိုးတော့ ထိခိုက်မှုအခြေနေမသိရဘူး”လို့ CNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကြားဖြတ်တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်သလို CNDF ဘက်က ရဲဘော်တွေ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ အဖွဲ့ဆီက သိရပါတယ်။

 

စစ်ကောင်စီနဲ့ CNDF တို့ ပစ်ခတ်မှုမှာ အရပ်သားနှစ်ယောက် ကျည်ထိခဲ့ပြီး အရပ်သား အမျိုးသမီးတစ်ယောက်ကတော့ ခါးကို ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။  ဆိုပါတယ်။

 

ဒဏ်ရာရရှိတဲ့ အမျိုးသမီးဟာ လက်ရှိ ဖလမ်းဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ စုံစမ်းသိရှိရပါတယ်။  နောက်ထပ်တစ်ယောက်ကတော့ လက်ရှိမှာ ဘယ်သူဘယ်ဝါဖြစ်တာကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိ စစ်ရေးအခြေအနေမှာ ပြန်လည်ငြိမ်သွားပြီဖြစ်ပြီး ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ပြင်ဆင်ဆောင်ရွက်နေတဲ့ ကာလဖြစ်တဲ့အတွက် ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေတယ်လို့ CNDF ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။

 

 

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း အရပ်သားတွေနေထိုင်တဲ့ မြို့အနီးနား ကျေးရွာတွေမှာ ရံဖန်ရံခါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေတယ်လို့ ဆိုပါတယ်။

 

အခု အောက်တိုဘာ ၇ ရက်နဲ့ ၉ ရက်နေ့ကလည်း စစ်ကောင်စီ ခလရ ၂၆၈ တပ်ရင်းကနေ ပစ်ခတ်လို့ ဖလမ်းမှာ အရပ်သားနှစ်ယောက် သေဆုံးပြီး ကလေး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

 

ဖလမ်းမြို့ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) စစ်ရေးလှုပ်ရှားတဲ့ မြို့ ဖြစ်ပါတယ်။