စစ်တွေ နာဇီရွာရဲစခန်းနားက နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီ ဖျက်ခိုင်း

Author သုတ
Categories
Published on Oct 24, 2024

ရခိုင်ပြည်မြို့တော် စစ်တွေရှိ နာဇီရွာရဲစခန်းနားက နေအိမ် ၅၀ ကျော်ကို အကြောင်းပြချက်မပေးဘဲ စစ်ကောင်စီတပ်က တန်းဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၁၅ ရက်မတိုင်မီ ဖြိုဖျက်ခိုင်းနေတယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။

 

အဲဒီက အိမ်တွေကို ဖြိုပြီး စစ်ကောင်စီတပ်လုံခြုံရေးအတွက် ခံတပ်ကာတာ၊ မိုင်းထောင်တာတွေလုပ်မယ်လို့ကြားသိထားရတယ်လို့ အမည်မဖော်လိုသူ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။

 

အခုလို အိမ်တွေကို အကြောင်းမဲ့ဖြိုဖျက်ခိုင်းနေတာဟာ ကိုယ်ကျိုးအတွက် ပြည်သူလူထုအပေါ် ဒုက္ခပေးနေတာသာဖြစ်တယ်လို့ နာဇီရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ပြောင်းပေးရမယ်ဆိုလည်း ဒီလောက် ခေတ်ကာလမှာ ဘယ်ကိုပြောင်းပေးရမလဲ။ အခုတောင် ဒီလောက်စားစရာမရှိ သောက်စရာမရှိ ဒုက္ခရောက်နေတာ။ သူတို့က ကျွန်မတို့ကို ဘာမှလုပ်ပေးဖို့ ပြောဆိုထားတာမရှိပါဘူး” လို့ သူမက ပြောပါတယ်။

 

အခုလိုရွှေ့ပြောင်းခိုင်းနေတာဟာ စစ်တွေမြို့ကို AA တပ်တွေ ဝင်ရောက်တိုက်ခိုက်ရင် ခုခံတိုက်ခိုက်နိုင်အောင်နဲ့ AA တပ်ဖွဲ့ဝင်တွေ အကာအကွယ်မယူနိုင်အောင်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆပြောဆိုနေကြပါတယ်။

 

စစ်ကောင်စီဟာ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ကျော်က ဒေသခံတွေကို မြို့တွင်းကို အဓမ္မရွှေ့ပြောင်းစေခဲ့ပြီး မြို့တစ်ပတ် ခြံစည်းရိုးကာရံကာ မြို့အဝင်အထွက်ကို မိုင်းတွေထောင်ပြီး ကန့်သတ်ပိတ်ပင်ထားပါတယ်။

 

နောက်ပြီး မြို့အတွင်းက ရဲစခန်းနဲ့ အရေးပါတဲ့နေရာတွေမှာ ဘန်ကာတွေအခိုင်အမာတည်ဆောက်ပြီး စစ်ရေးပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို နေအိမ်တွေဖြိုဖျက်ကာ AA ထိုးစစ်အတွက် ပြင်ဆင်လာနေတာကိုလည်း တွေ့မြင်ရတယ်လို့ အဲဒီမြို့ခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်