ARSA တပ်စခန်း ၄ ခုကို AA သိမ်းပိုက်

Author သုတ
Categories
Published on Oct 23, 2024

ရခိုင်ပြည်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသ မေယုတောင်တန်းရှိ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA)ရဲ့ တပ်စခန်းလေးခုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေရာအနီး အောက်တိုဘာလ ၁၉ ရက်နေ့ကစလို့ ထိတွေ့မှု ငါးကြိမ်လောက်ဖြစ်ပွားခဲ့ပြီးနောက် တပ်စခန်းတွေကို သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်မှာ AA က ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ ARSA တပ်ဖွဲ့ဝင် အလောင်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ကစလို့ ဘူးသီးတောင်မြို့နယ်၊ ခရုချောင်း(မွတ်ဆလင်)ကျေးရွာရဲ့ အနောက်မြောက်ဘက်နဲ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ မောင်တောမြို့နယ်၊ ဂြင်းတောစခန်းရဲ့ အရှေ့ဘက် စတဲ့နေရာ နှစ်ခုမှာ AA နဲ့ ARSA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်နေတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ AA က ပြောပါတယ်။

 

ARSA ၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ တောတောင်ထူထပ်တဲ့နေရာတွေကို ဗဟိုပြုကာ တပ်စခန်းတွေကို အခိုင်အမာတည်ဆောက်ပြီး စခန်းချခိုအောင်းနေတယ်လို့ AA က ဆိုထားပါတယ်။

အဲဒီတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေပြီး အာရက္ခတပ်တော် AA ကို ပူးပေါင်းတိုက်ခိုက်နေတယ်လို့လည်း AA ဘက်က ပြောဆိုထားပါတယ်။

လက်ရှိ မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ(၅)တပ်စခန်းကို အပြီးသတ်ရရှိရေးထိုးစစ်ဆင် တိုက်ခိုက်နေသလို တစ်ဖက်မှာလည်း ရခိုင်ဒေသအတွင်း ခိုလှုံလှုပ်ရှားနေတဲ့မွတ်ဆလင်လက်နက်ကိုင်တွေကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်နေပါတယ်။

 

ပုံစာ – AA က သိမ်းပိုက်ရရှိခဲ့တဲ့ ARSA တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်းတွေကို တွေ့မြင်ရစဉ်

 

ဓာတ်ပုံ – AA Info Desk