မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေက ရပ်ကွက်တချို့ ရေဝင်ရောက်မှု ပိုဆိုးလာ


ရန်ကုန်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာ နှစ်ရက်ဆက်ရှိပြီဖြစ်လို့ ဆင်ခြေဖုံးမြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်တချို့မှာ နေအိမ်တွေထဲ ရေဝင်ရောက်မှု ပိုမိုဆိုးရွားလာတယ်လို့ ရပ်ကွက်နေသူတွေဆီက စုံစမ်းသိရှိရပါတယ်။

 

ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဒဂုံနဲ့ မြောက်ဒဂုံစတဲ့ မြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်နေပြီး ရပ်ကွက်နေ ပြည်သူတချို့ဟာ ပြောင်းရွှေ့နေထိုင်နေရတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ရွှေပြည်သာက အဆိုးဆုံးပဲ။ အခု မနက်မှာကို ရပ်ကွက် ၄ ခုလောက်က နေလို့မရတော့တဲ့ အိမ်တွေကလူတွေက ကယ်ထုတ်လာရတယ်။ မိုးက ဆက်တိုက်ရွာနေတော့ မီးတွေလည်း ဖြတ်ထားတယ်။ ချက်ပြုတ်စားသောက်ဖို့လည်း မီးသွေးတွေ ဘာတွေလည်း ဝယ်ရခက်ခဲနေတယ်”လို့ ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရွှေပြည်သာမြို့နယ်အတွင်းမှာ အမှတ် ၅၊ အမှတ် ၇၊ အမှတ် ၁၉၊ အမှတ် ၂၀၊ စမ်းချောင်းကြီး၊ စမ်းချောင်းလေးနဲ့ စမ်းကရင်ရွာ စတဲ့နေရာတွေမှာ ရေဝင်ရောက်မှု ပိုဖြစ်နေတဲ့အတွက် လူတွေကို အရေးပေါ်ပြောင်းရွှေ့ပေးနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လှိုင်သာယာနဲ့ တောင်ဒဂုံမြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း နေအိမ်တွေထဲအထိ ရေဝင်ရောက်တာ ပိုဆိုးရွားလာလို့ နီးစပ်ရာ ဓမ္မာရုံတွေမှာ ယာယီ ရှောင်တိမ်းနေရသူတွေလည်း ရှိနေပါတယ်။

 

“ရေက တခါမှ အခုလို အိမ်ထဲအထိ မဝင်ဖူးဘူး။ မိုးက တော်တော်ရွာတာကို။ ညဘက် ရေဒီထက်များလာရင် အိပ်ဖို့က အဆင်မပြေဘူး။ ဓမ္မာရုံမှာပဲ ခဏသွားနေနေရတယ်”လို့ လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက်နေ အသက် ၄၀ ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ မုန်တိုင်းငယ်အရှိန်ကြောင့် အောက်တိုဘာလ ၂၀ ရက် ညပိုင်းကစလို့ မိုးအဆက်မပြတ် စံချိန်တင်ရွာသွန်းနေတာကြောင့် လမ်းမတွေနဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာပါ။

 

ဒီကနေ့ အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းကလည်း ကားလမ်းမတွေမှာ ရေကြီးရေလျှံတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ နာရီနဲ့ချီ ဖြစ်ခဲ့ပါတယ်။

 

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနေပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ပင်လယ်ပြင်ကို ဗဟိုပြုထားတဲ့ အဲဒီမုန်တိုင်းငယ်ဟာ ဟိုင်းကြီးကျွန်းရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်နဲ့ အနောက် ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာမှာရှိနေပြီး ဗဟိုချက်လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်နှုန်းခန့် ဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီမုန်တိုင်းငယ်ဟာ အားကောင်းလာပြီး  အနောက်-အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားကာ ၂၃ ရက်နေ့မှာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ကို ရောက်ရှိမှာဖြစ်သလို ၂၄ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ကို ရောက်ရှိမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

 

နောက်နှစ်ရက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်၊ ရခိုင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ ဒေသတွေမှာ မိုးကြီးတာတွေဖြစ်ပေါ်နိုင်သလို နေရာကွက်ပြီး မိုးကြီးတာအပြင် လေပြင်းတိုက်တာတွေပါ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ဓာတ်ပုံ – ကိုထက်

 

ပုံစာ- မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးနေပုံ။