ရေဦးမှာ ကထိန်ပွဲပြုလုပ်နေတဲ့ ကျေးရွာအနီးကို စစ်တပ် လေကြောင်းသုံး ဗုံးကြဲ

Author မင်းထက်
Categories
Published on Oct 21, 2024

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ ကထိန်ပွဲပြုလုပ်နေတဲ့ အင်ပထိုးရွာအနီးကို  အောက်တိုဘာလ ၂၀ ရက်နေ့က လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ညနေ ၄ နာရီ ၁၄ မိနစ်ခန့်မှာ ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဗုံးသီးတွေဟာ အင်ပထိုး၊ စည်သာမြေနဲ့-မဲအိုးကျေးရွာ စတဲ့ ရွာသုံးရွာအကြားရှိ ချောင်းကူးတံတားအနီးကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒေသခံတွေအနေနဲ့ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

 

“မိတ္ထီလာရှမ်းတဲကနေ တက်လာတဲ့ MiG-29 ဖိုက်တာတစ်စင်းနဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူး။ စည်သာမြေရွာနဲ့ မဲအိုးရွာကြား ချောင်းကူးတံတားအနီးမှာ တစ်လုံးပေါက်ကွဲပြီး  ချောင်းထဲကို တစ်လုံးကျတယ်။ ကိုယ့်ဘက်က ရဲဘော်တွေလည်း ရှိမယ်အထင်နဲ့ ကြဲသွားတယ်လို့ ခန့်မှန်းတယ်”လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရှင်းပြပါတယ်။

 

ရေဦးမြို့နယ်က ပြည်သူတွေအနေနဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း ကာလတွေအတွင်း လူစုလူဝေးနဲ့ ပွဲတော် ကျင်းပတာတွေ၊ ကထိန်ခင်းတာတွေနဲ့ ခြင်းခတ်ပွဲတွေ ပြုလုပ်တာတွေကို အထူးသတိပြု ရှောင်ရှားကြဖို့ ၎င်းက  ဆက်ပြောပါတယ်။

 

အောက်တိုဘာလအတွင်း ရေဦးနယ်အနောက်ခြမ်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုက သုံးကြိမ်ပြုလုပ်ထားပြီး သုံးကြိမ်စလုံးဟာ မိတ္ထီလာ ရှမ်းတဲကနေလာတဲ့ MiG-29 ဖိုက်တာ လေယာဉ်အမျိုးအစားတွေနဲ့ လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီ တိုက်ခိုက်မှုတွေအတွင်း ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာထဲကိုနှစ်ကြိမ် တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ကလေး နှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရပြီး ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ စည်သာမြေနဲ့ မဲအိုးကြား တစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“မနေ့က ညနေပိုင်းကြဲတာဆို ကျွန်မတို့ အိမ်ကြီးကို လှုပ်သွားတာ၊ လေယာဥ်နဲ့ပစ်တာ ဘယ်နားမှန်းတော့မသိခဲ့ဘူး။ မြေကြီးတွေကို တုန်သွားတာပဲ။ ခဏတိုင်း လာပစ်ခတ်နေတာ”လို့ ရေဦးဒေသခံ အသက် ၅၀ ခန့် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်း အန္တရာယ်တွေကြောင့် ဒေသခံတွေဟာ အမြဲစိုးရိမ်နေကြရတယ်လို့ CJ Platform အနေနဲ့ စုံစမ်းသိရှိရပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်