ပုလောမြို့ကနေ မြိတ်မြို့ကိုသွားတဲ့ စက်လှေနစ်မြုပ်မှုထဲ ပျောက်ဆုံးနေသူတွေကို ဒီကနေ့ ညနေပိုင်းအထိ ရှာမတွေ့သေး

Author လဂွန်းအိမ်
Categories
Published on Oct 21, 2024

တနင်္သာရီတိုင်း၊ ပုလောမြို့ကနေ မြိတ်မြို့ကိုသွားတဲ့ အောက်တိုဘာ ၂၀ ရက်နေ့က စက်လှေတိမ်းမှောက်မှုမှာ ကျောင်းသားတွေ အပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေပြီး နာရီ ၂၀ ကျော် ကြာတဲ့အထိ ပျောက်ဆုံးသူတွေကို ရှာမတွေ့သေးဘူးလို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

စက်လှေတိမ်းမှောက်မှုဟာ ည ၉ နာရီကျော်မှာ ဖြစ်ပွားခဲ့ပြီး သတ်မှတ်ဝန်ကို ကျော်လွန်တင်ဆောင်လာတာကြောင့် ကျောက္ကာရွာအထွက် ပင်လယ်ပြင်မှာတင် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အားလုံးပေါင်း အယောက်တစ်ရာလောက် ရှိတယ်။ ၄၀၊ ၅၀ လောက် ရတယ် (ကယ်ဆယ်ထား)။ သေတဲ့သူက ဆယ်လောင်းကျော်တယ်။ ကျောင်းသားတွေ များတယ်။ ပိတ်မိနေသူတွေ လှေထဲမှာ ရှိသေးတယ်။ လှေက ဆယ်မရသေးဘူး”လို့ အသက် ၂၀ ကျော် ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စက်လှေပေါ်မှာ သီတင်းကျွတ်ကျောင်းပိတ်ရက်ပြီးလို့ ကျောင်းပြန်တက်ဖို့ မြိတ်မြို့ဘက်ကို လိုက်ပါလာတဲ့ ကျောင်းသားတွေ၊ အလုပ်ကိစ္စနဲ့ လိုက်ပါလာသူတွေ၊ ခရီးသည်တွေနဲ့ မီးလောင်ချောင်းရွာနဲ့ ကြဲရွာနားမှာ ကားလမ်းပိတ်ထားလို့ စက်လှေနဲ့ လိုက်ပါလာသူတွေ ပါဝင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

စက်လှေတိမ်းမှောက်ပြီးနောက် မြိတ်နဲ့ ပုလောမြို့တွေက ကယ်ဆယ်ရေးအဖွဲ့တွေအပါအဝင် ကျောက္ကာရွာသူ/ရွာသားတွေကလည်း ဒီကနေ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းအထိ ဝိုင်းဝန်းရှာဖွေပေးနေဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒါပေမဲ့ နစ်မြုပ်စက်လှေကို မဆယ်နိုင်သေးသလို ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ကူညီ ကယ်ဆယ်နေသူတွေက ပြောပါတယ်။

 

ပုံမှန်အခြေအနေမှာ စက်လှေတစ်စင်းကို လူဦးရေ ၄၀ ဝန်းကျင်သာ တင်လေ့ရှိပြီး ကျောက္ကာနဲ့ မြိတ်ကို ပြေးဆွဲတဲ့ စက်လှေတွေဟာ ခရီးသည်အပြင် ကုန်ပစ္စည်းပါ တင်ဆောင်လေ့ရှိပါတယ်။ ကျောက္ကာနဲ့မြိတ်ကိုတော့  သုံးနာရီခန့်ကြာ မောင်းနှင်ရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – စက်လှေမှောက်ပြီးနောက် သေဆုံးသူများကို ကယ်ဆယ်ရေးသမားတွေ ဆယ်ယူလာစဉ်