နှစ် ၂၀ ကျော်ကြာ စစ်ကောင်စီတပ်စွဲထားတဲ့ စွယ်တော်ကုန်းကရတဲ့လက်နက်တွေ KNU ထုတ်ပြန်

Author လဂွန်းအိမ်
Categories
Published on Oct 18, 2024

ကရင်ပြည်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်:အမြောက်တပ်စခန်းထဲက ရရှိထားတဲ့ လက်နက်တွေကို KNU ဗဟိုက ဒီကနေ့ အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၄ နာရီခွဲခန့်မှာ သိမ်းပိုက်ခဲ့တဲ့ အဲဒီစခန်းကုန်းမှာ စစ်ကောင်စီတပ်တွေ ၂၁ နှစ်ကြာတပ်စွဲနေထိုင်ခဲ့ပြီးနောက် KNLA/PDF အဖွဲ့တွေရဲ့ ခုနစ်လကြာဝန်းရံပိတ်ဆို့ခဲ့ပြီးနောက် လက်လွှတ်ခဲ့ရတာပါ။

အဲဒီတပ်စခန်းကနေ ၁၂၀ မမလက်နက်ကြီး နှစ်လက်၊ ပွိုင့်ဖိုက် တစ်လက်အပါအဝင် လက်နက်ငယ် ၂၄ လက်၊ ကျည်မျိုးစုံ လေးထောင်ကျော်၊ မိုင်း ဆယ်လုံး၊ ဂျမ်မာ လေးခု၊ စစ်သုံးမြေပြင်တစ်ခုနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ KNU ထုတ်ပြန်ထဲ ဖော်ပြထားပါတယ်။

 

လေးကေ့ကော်မြို့သစ်မှာ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းကစလို့ အဲဒီစွယ်တော်ကုန်းကနေ မြဝတီနဲ့ ဖလူးက စစ်ဘက်၊ အရပ်ဘက်မရွေးဘဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး အမြဲလူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စွယ်တော်ကုန်း အမြောက်တပ်စခန်းကို စစ်ကောင်စီက နယ်မြေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်ပြီး ၂၀၀၃ ခုနှစ်ကစလို့ စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်တွေက စတင်တပ်စွဲခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစပြီး တပ်မ(၂၂)၊ (၄၄)တို့နဲ့ ကမ်းရိုးတမ်းတပ်တွေပါ စွယ်တော်ကုန်းနယ်စပ်ခြေကုတ်အမြောက်စခန်းမှာ တပ်စွဲခဲ့ပါတယ်။

 

ဓာတ်ပုံ – KNU

 

ပုံစာ – စွယ်တော်ကုန်းကရရှိတဲ့ လက်နက်တွေကိုတွေ့ရစဉ်