လေးကေ့ကော်အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်အမြောက်ကုန်းကို KNLA/PDF ပူးပေါင်းတပ် သိမ်းပိုက်

Author လဂွန်းအိမ်
Categories
Published on Oct 17, 2024

ကရင်ပြည်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်တပ်စခန်းကို KNLA နဲ့ ပူး​ပေါင်းတပ်​တွေက ဒီကနေ့ မနက်အစောပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

ဒီကနေ့ အောက်တိုဘာလ ၁၇ ရက် မနက် ၄ နာရီခန့်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မနက် ၆ နာရီဝန်းကျင်အထိ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းတို့က ဆိုပါတယ်။

“နယ်မြေရှင်းလင်းနေတုန်းနော်။ လက်နက်ရတာတွေတော့ရှိတယ်ကြားတယ်နော်။ ဘာတွေရတယ်ဆိုတာတော့ မသိသေးဘူးနော်” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

Cobra စစ်ကြောင်းမှူး ဗိုလ်ဒါဘောနဲ့ Venom ရဲ့ စစ်​ကြောင်းမှူး ဗိုလ်စောဝင်းမြင့်တို့အပါအဝင် ဒီကနေ့ မနက်ပိုင်းမှာ စွယ်တော်ကုန်းထဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်းတစ်ခုကိုလည်း Cobra စစ်ကြောင်း ရံပုံငွေရှာဖွေရေးအဖွဲ့ရဲ့ လူမှုကွန်ရက်ကနေ ဒီကနေ့ မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။

 

“ဘောဒါဘောကွ။ မလိုတာ မပြောဘူး။ မယုံဘူး ပြောနေလို့ ဒါလေးပဲ ချပြလိုက်မယ်” လို့ Cobra Column Fundraising Team ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်။

 

အဲဒီအဖွဲ့ကပဲ ဒီကနေ့ မနက် ၁၁ နာရီခွဲခန့်မှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့အတူ အောင်ပွဲရ KNLA/PDF တော်လှန်ရေးရဲဘော်တွေနဲ့အတူ ဓာတ်ပုံမှတ်တမ်းတစ်ခု ထပ်မံဖော်ပြလာပါတယ်။

 

Cobra Column တပ်ခွဲ ၅ ကလည်း စွယ်တော်ကုန်းသိမ်းပိုက်နိုင်လိုက်တာဟာ လေးကေ့ကော်အတွက် အကြီးမားဆုံးအောင်မြင်မှုလို့ ဒီကနေ့ မနက်ပိုင်းမှာပဲ ထုတ်ပြောလာပါတယ်။

 

“လေးကေ့ကော်နဲ့ ပတ်သက်ပြီး အကြီးမားဆုံး အောင်မှုပါဗျ။ ရှေ့လျှောက်ခန့်မှန်းမရတဲ့ အောင်မြင်မှုတွေလာမယ်” လို့ Cobra Column တပ်ခွဲ ၅ က ထုတ်ပြောလာတာပါ။

 

ဒီကနေ့မနက်ပိုင်းသိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက နှစ်လကျော်ကြာ ပိတ်ဆို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Cobra Column Fundraising Team

 

ပုံစာ – Cobra Column စစ်​ကြောင်းမှူး ဗိုလ်ဒါ​ဘောနဲ့ Cobra Column 2 Venom စစ်​ကြောင်းမှူး ဗိုလ်စောဝင်းမြင့်တို့နဲ့အတူ ဒီကနေ့မနက်ပိုင်းသိမ်းပိုက်လိုက်တဲ့ စွယ်တော်ကုန်းအတွင်း တွေ့မြင်ရစဉ်

 

Related News

Depend on news