မတ္တရာမှာ စစ်ရှောင်စခန်း ဗုံးကြဲခံရလို့ ကလေးနဲ့ သံဃာတွေအပါအဝင် ၁၂ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရ

Published on Oct 12, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ရှောင်စခန်းကို အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနဲ့ သံဃာတွေအပါအဝင် ၁၂ ဦးသေဆုံးတဲ့အပြင် ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

 

မတ္တရာမြို့နယ်၊ ဝေါကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ပွားဘဲ အကြောင်းမဲ့တိုက်ခိုက်ခဲ့တာလို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Mdy-PDF) ပြောခွင့်ရှိသူ ကိုအော်စမွန်က CJ Platform သို့ ပြောပါတယ်။

“ဝေါကျေးရွာဟာ မတ္တရာမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ဝေးကွာတဲ့ဒေသဖြစ်ပါတယ်။ စစ်ကောင်စီက အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာလို့ ပြောရင် ရပါတယ်ဗျ။ ကလေးတစ်ဦး၊ သံဃာသုံးပါး အပါအဝင် ၁၂ ဦးသေဆုံးခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

တံတားဦးလေတပ်ဘက်က တက်လာတဲ့ ဂျက်ဖိုက်တာလေယာဉ်ဟာ ဝေါကျေးရွာ ဘုန်းကြီးကျောင်းရှိရာ စစ်ရှောင်စခန်းကို နှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ ပြောပါတယ်။

 

“ပြီးတော့ တုံကုန်းရွာ မတ္တရာရဲ့မြောက်ဘက်မှာရှိတာ။ ကျွန်တော်တို့ ကြားရတာဆို ဗုံးခိုကျင်းတွေ တူးထားတဲ့အိမ်တွေ တော်တော်များများ ရှို့ခံရတယ်။ ခုကြဲခံရတဲ့ရွာနဲ့ဆို တစ်မိုင်ပတ်ချာလည်ပဲဝေးတယ်။ နောက် ပြီးခဲ့တဲ့အပတ်ထဲမှာလည်း သမံဂရရွာကို မီးတင်(ရှို့)‌သေးတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က မတ္တရာမြို့နယ်နဲ့အနီးတဝိုက်ကို ခြေကုပ်ပြန်လည်ရယူဖို့ ကြိုးပမ်းနေပြီး စစ်အင်အားပြန်လည်ဖြည့်တင်းကာ အောက်တိုဘာ ပထမ ပတ်ထဲမှာ မတ္တရာတောင်ဘက်မှာရှိတဲ့ ရှမ်းတောနဲ့ သီလကုန်းတွေဘက်ကို စစ်ကြောင်းတွေ ထိုးနေတယ်လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

 

ဒါ့အပြင် မန္တလေးတိုင်း၊ မတ္တရာမြို့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ MDY-PDF တို့ကြား အောက်တိုဘာ ၈ ရက်၊ ညနေ ၆ နာရီခန့်က မြို့နယ်အရှေ့ပိုင်း ဝသုန္ဒရကျေးရွာမြောက်ဘက်၊ Alpha ဘိလပ်မြေ စက်ရုံသွားရာ လမ်းဆုံမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။

 

အဲဒီနောက် မန္တလေးမြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ထီးတော်မိုးရွာအခြေစိုက်တပ်စခန်း(အရပ်အခေါ် ထီးတော်မိုးတပ်)မှ မြောက်ဘက် မတ္တရာနယ်ထဲသို့ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတာကြောင့် လူသေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့အနီးက မတ္တရာမြို့ကို မန်း PDF နဲ့ မဟာမိတ်တွေဟာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နောက်ပိုင်းမှာ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၃၅ ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းတုန်းကတော့ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းက ဧရာ၀တီမြစ်ဘေးအနီး သုံးဆယ်ပေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်စခန်းအပါအဝင် တခြားရွာတွေက တပ်စခန်းတချို့ကို စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၃၀ ရက်တုန်းက ထုတ်ပြန်ခဲ့ပါတယ်။

 

သုံးဆယ်ပေးရွာအအပြင် အဲဒီအနီးနား ဧရာဝတီမြစ်ဘေးက ကုန်းတန်းလေး၊ ကုန်းတန်းကြီး၊ ဘိုကုန်း၊ ကြိမ်တော၊ ဘုရားမကုန်း၊ ဆူးလေကုန်း၊ ရွှေဘောင်၊ သဖန်းဒေါင့်၊ ငယ်တိုးနဲ့ သနပ်ကုန်း စတဲ့ရွာတွေကိုလည်း နယ်မြေရှင်းလင်းရေး လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဘက်က အဲဒီလို စီးနင်းတိုက်ခိုက်မှုတွေမပြုလုပ်မီ စက်တင်ဘာ ၂၁ ရက်နေ့က သုံးဆယ်ပေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ခြောက်ဦးသေဆုံးတဲ့အပြင် ငါးဦးဒဏ်ရာရခဲ့ပါတယ်။

 

ဓာတ်ပုံ – Mdy-PDF