ပင်လည်ဘူးမြို့ သိမ်းပိုက်တိုက်ပွဲအတွင်း စစ်သား ၇၀ ကျော်သေဆုံးတဲ့အပြင် စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိ လက်နက် ၄၀၀ ကျော်အပြင် ကျောက်စိမ်းနဲ့ မူးယစ်ဆေးအမြောက်အမြားသိမ်းဆည်းရမိ

Author လဂွန်းအိမ်
Categories
Published on Oct 11, 2024

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးခန့် သေဆုံးတဲ့အပြင် စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းမိခဲ့သလို ၄၈ ဦးလက်နက်ချခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ပါတယ်။

 

လူဦးရေ ၇၀၀၀ နီးပါးသာရှိတဲ့ ပင်လည်ဘူးမြို့ကို NUG တပ်တွေက ငါးကြိမ်မြောက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးအကြိမ်သိမ်းပိုက်မှုကို ဩဂုတ်လ ၁၅ ရက်နေ့ကနေ အောက်တိုဘာ ၈ ရက်နေ့အထိ နှစ်လနီးပါးအကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြပါတယ်။

 

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က အောက်တိုဘာ ၇ ရက်နေ့မှာ လက်နက်ချဆုတ်ခွာခွင့်တောင်းဆိုတာကို ခွင့်ပြုပေးခဲ့ပြီး အလုံးစုံထိန်းချုပ်ခဲ့တာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

 

အဲဒီနှစ်လနီးပါးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၅ ဦး ဒဏ်ရာရရှိခဲ့ကာ ၆၀ ဦးက စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ ၄၀၀ ကျော်အပြင် ကျောက်စိမ်းနဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်လို့ NUG ရဲ့ အမှတ် ၁ စစ်ဒေသက ဒီကနေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်ထားတာပါ။

 

ကျောက်စိမ်းတုံးတွေ၊ ကျောက်စိမ်းလက်ကောက်ဆိုဒ်စုံ ၂၃၄ ခုတို့အပြင် ပင်လည်ဘူးရဲစခန်းအတွင်းမှ ဘိန်းမဲ ၁၈ ထုပ်(ခမ ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) ၁၃၅၂ ခု၊ ဘိန်းဖြူ(အထုပ်သေး) ၁၂၈၅ ခု သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီက Y-8 ၊ Y-12၊ Mi-35 တို့အပါအဝင် ကင်းထောက်လေယာဉ်တွေနဲ့ အကြိမ်ရေ ၆၇၀ ကျော်လာရောက်ပြီး ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီတပ်ဘက်က ပင်လည်ဘူးမြို့မကျစေရေး လေကြောင်းကနေ အပြင်းအထန်ပစ်ကူခဲ့သလို စစ်ကူ ၂၁ ကြိမ်ဖြည့်တင်းခဲ့ပါတယ်။ ဒါကြောင့် ပင်လည်ဘူးအခြေစိုက် တပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၇၇၀ ဦးကျော်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ရဲ့ တပ်မဟာ ၆၁၄ တို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ရုပ်သံ – အမှတ် ၁ စစ်ဒေသ