ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် ကြံ့ဖွံ့ပါတီ ဘားအံခရိုင်ဥက္ကဌ အပစ်ခံရပြီး သေ

Author အောင်နိူင်သူ
Categories
Published on Oct 13, 2022

စစ်ကောင်စီမှ လုပ်ဆောင်ပေးမည်ဟု လေသံပစ်နေသည့် ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ဘားအံခရိုင် ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ခွန်အောင်မိုးသည် ယနေ့ အောက်တိုဘာလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် အမည်မသိသေနတ်သမားများက နေအိမ်အတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွား‌သည်ဟု ပါတီဝင်အချို့ထံမှ သိရသည်။

ဘားအံမြို့နယ် သာမညကျေးရွာတွင် ယနေ့ နံနက် ၇နာရီ၃၀မိနစ်ခန့်က ကြံ့ဖွံ့ခရိုင်ပါတီဥက္ကဌကို အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့တာဖြစ်သည်ဟု ကျေးရွာနေသူတစ်ဦးက CJ Platform ကိုပြောသည်။

“သူက ဆေးဆိုင်ဖွင့်ထားတာဆိုတော့ ဆေးဝယ်ချင်ဟန်ဆောင်ပြီး လာပစ်သွားတာ ပွဲချင်းပြီးပဲ စစ်တပ်ရော ရဲရောရောက်လာပြီး စစ်ဆေးနေတယ် အလောင်းကိုတော့ ဆေးရုံကိုသယ်သွားပြီ”ဟု ရှင်းပြသည်။

ဦးခွန်အောင်မိုးမှာ စစ်တပ်ထောက်ခံသူတစ်ဦး ဖြစ်သည့်အပြင် ပြည်သူ့စစ်များနှင့်လည်း အဆက်အသွယ်ရှိသူ ဖြစ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးခြင်းကို ခံခဲ့ရသူဖြစ်သည်ဟု ကျေးရွာနေသူတစ်ဦးက CJ Platform ကို ပြောသည်။

“ပြီးခဲ့တဲ့လကလည်း သူအိမ်ကို ဗုံးနဲ့ပစ်သေးတယ် အဲ့ဒီလက ငြိမ်သွားတယ် သူ့အဘခင်ရီ ဥက္ကဌ ဖြစ်တော့ ပြန်ထောင်လာတယ် ရွေးကောက်ပွဲဝင်မယ်ဆို့ ဘာတို့ ပါတီဝင်တွေကိုတောင် စည်းရုံးထားသေးတယ် ဒီမနက် အပစ်ခံရတာ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် သေဆုံးသူ ကြံဖွံ့ခရိုင်ဥက္ကဌရုပ်အလောင်းအား ဘားအံမြို့နယ်ဆေးရုံကို စစ်ကောင်စီက လူနာတင်ယာဥ်ဖြင့် ပို့ဆောင်လိုက်ပြီး ပစ်ခတ်မှုဖြစ်ရာ သာမညစျေးကို စစ်ဆေးမှု့အချို့ ပြုလုပ်နေသည်ဟု ကျေးရွာနေသူတွေဆီက သိရသည်။

သေဆုံးသူဦးခွန်အောင်မိုးမှာ ဗိုလ်ချုပ်ဟောင်းခင်ရီ ဥက္ကဌ နေရာရရှိပြီးနောက် ၂၀၂၃ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ရန် ပြင်ဆင်နေသူတစ်ဦးဖြစ်သည်ဟု ပါတီဝင်များထံမှ သိရသည်။