ဖလမ်းကို စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးတို့နဲ့ တိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံး

Author ဆလိုင်း
Categories
Published on Oct 10, 2024

ချင်းပြည်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်တဲ့အပြင် လက်နက်ကြီးတွေပါ ပစ်ခတ်လို့ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ယမန်နေ့ အောက်တိုဘာလ ၉ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ဖလမ်း-ဟားခါး လမ်းပေါ်က ကျေးရွာတွေကို ဂျက်ဖိုက်တာတစ်စင်းနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

 

အဲဒီ လေကြောင်း တိုက်ခိုက်မူကြောင့် ဖလမ်း – ဟားခါး ကားလမ်းပေါ်က အရပ်သားတချို့ ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဖလမ်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဗုံးသီး ငါးလုံးလောက်နဲ့ နှစ်ကြိမ် လာကြဲသွားပါတယ်။ အခု လေကြောင်း တိုက်ခိုက်ခံရတဲ့ ရွာတွေက မြို့နဲ့ သိပ်မဝေးဘူး။ မနေ့က လေကြောင်းတိုက်ခိုက်လို့ ကလေးတွေ ဒဏ်ရာရတယ်။ ပြီးတော့ အိမ်ပျက်စီးမှုလည်းရှိတယ်။ အသေးစိတ်တော့ မသိရသေးဘူး” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် အဲဒီနေ့ မွန်းလွဲ ၂ နာရီမှာပဲ စစ်ကောင်စီရဲ့ ဖလမ်းအခြေစိုက် ခလရ ၂၆၈ တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရာလ်းဆင်းကျေးရွာက အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ရာလ်းဆင်းရွာမှာ လက်နက်ကြီးကျည် နှစ်နေရာကျ ပေါက်ကွဲတယ်။ ဘောလုံးကွင်းအနားနဲ့ စာသင်ကျောင်းဝန်း။ ဘောလုံးကွင်းအနား ကျတဲ့ လက်နက်ကြီးကျည်ကြောင့် တောင်ယာမှာ အလုပ်လုပ်နေတဲ့ ရွာသားတစ်ဦး သေဆုံးတယ်။ ကျောင်းအနားပေါက်ကွဲတာက ကျောင်းအဆောက်အအုံ ပျက်စီးသွားတယ်” လို့ ၎င်းက ပြောပါတယ်။

 

သေဆုံးသူဟာ အသက် ၅၇ နှစ်အရွယ် ဦး Biak Kip Ceu ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖလမ်းမြို့၊ လုံပီးရပ်ကွက်မှာနေထိုင်တဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။

 

ဖလမ်းမြို့မှာ တိုက်ပွဲမဖြစ်တာ ခြောက်လနီးပါးရှိပြီဖြစ်ပေမဲ့ အခုအခါမှာတော့ စစ်ကောင်စီက အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ နေအိမ်ကို တွေ့ရစဥ်