ကျောက်ဆည်က အလိုတော်ပြည့်ဘုရား ကြေးနီခေါင်းလောင်း အခိုးခံရ

Published on Oct 10, 2024

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အလိုတော်ပြည့်ဘုရားမှာ ပူဇော်ထားတဲ့ ကြေးနီခေါင်းလောင်း အခိုးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက စုံစမ်း သိရှိရပါတယ်။

 

အဲ့ဒီ အလိုတော်ပြည့် ဘုရားဟာ ကျောက်ဆည်မြို့နယ်၊ ငါးမြွေကုန်းရွာမြောက်ဖက် တစ်မိုင်ခန့်အကွာမှာရှိပြီး အောက်တိုဘာလ ၇ ရက်နေ့ကမှ အခိုးခံရတာကို သိရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

“ဘယ်နေ့ခိုးခံရလဲ ရက်အတိအကျ မသိပါဘူး။ ခိုးခံရကြောင်း သိရတာ အောက်တိုဘာ ၇ ရက်နေ့မှ သိရပါတယ်။ အုပ်စုလိုက် ခိုးမှရတဲ့ ပစ္စည်းမို့ သေချာ ခိုးယူခံရတာ။ ရွာနဲ့ မနီးဘူး။ ဘေးမှာ သိပ္ပံနဲ့ နည်းပညာလက်အောက်က ဌာနတစ်ခုရှိတယ်။ သူတို့လည်း မသိလိုက်ကြဘူး”လို့ အသက် ၄၀ အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အလိုတော်ပြည့်ဘုရားကို အလှူရှင် အမျိုးသမီးတစ်ဦးက ၂၀၀၂ ခုနှစ်ကနေ စတင်ပြင်ဆင်ခဲ့ကာ ၂၀၀၃ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပြီး အဲ့ဒီဘုရားဟာ ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခိုးခံလိုက်ရတဲ့ အလိုတော်ပြည့်ဘုရားက ကြေးနီခေါင်းလောင်းဟာ ကြေးပိဿာချိန် ၇၂ ပိဿာ ရှိပြီး ကာလပေါက်ဈေး သိန်း ၄၀ ကျပ်ခန့် ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

လက်ရှိမှာလည်း ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်တွေမှာ သူခိုးတွေ သောင်းကျန်းနေတာကြောင့် လျှပ်စစ်မီးသွယ်တန်းထားတဲ့ ဝိုင်ယာကြိုး၊ ဆိုင်ကယ်နဲ့ ဖုန်းတွေ ပျောက်တာ မကြာခဏ ဖြစ်နေပြီး အရေးယူ ခံရတာတွေလည်းမရှိဘူးလို့ စုံစမ်းသိရှိရပါတယ်။

 

“ကျွန်တော်တို့ ဒီဘက်မှာက သူခိုးတွေကို မနိုင်သလိုကို ဖြစ်နေပြီ။ မီးကြိုးတွေကိုဆို ကျွမ်းကျွမ်းကျင်ကျင် မိန်းတွေချပြီး ခိုးတာ။ မြို့လယ်ခေါင်ကြီးကို ခိုးတာနော်။ သူတို့က ကြေးနီကို လိုချင်တာ။ မြစ်သားရော၊ ကျောက်ဆည်ရော ရေတက်တုန်းကဆို အိမ်အောက်ထပ်မှာ နေမဖြစ်တော့ ဘယ်သူမှ နေမရ နောက်က လူမရှိတော့ ရသမျှယူကြတာ။ ဘယ်လောက်ထိတောင် ဆိုးလည်းဆို သူတို့ ယူလို့မရတဲ့ အိုးလိုမျိုး၊ စဉ့်အိုးတွေကို ခွဲခဲ့တာ။ တော်တော်ကိုရိုင်းတာ။ ဒါက ကောင်းတဲ့သတင်းလည်း မဟုတ်တော့ ရှက်လို့ မပြောကြတာ။ ရေက တက်ပါတယ်ဆို သူခိုး ကြောက်နေရ သေးတာ။ နောက်တော့ သုံးအိမ်ကို တစ်ဦးစောင့်ဆိုပြီးအလှည့်ကျနဲ့စောင့်ရတယ်”လို့ ဒေသခံတစ်ဦးက သူကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေကို CJ Platform ကို ရှင်းပြပါတယ်။

 

ကြေးနီခေါင်းလောင်းပျောက်ဆုံးမှုကိုတော့ ကျောက်ဆည်ရဲစခန်းကို အသိပေးထားတယ်လို့  ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာမှာ ဩဂုတ်လ ၃၀ နဲ့ ၃၁ ရက်နေ့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပြီး နောက်ပိုင်း စက်တင်ဘာ ၂ ရက်နေ့မှာ ဘုရားစိန်ဖူးတော် ပျောက်ဆုံးခဲ့သလို တစ်ပြိုင်တည်းမှာပဲ တာကလေးကျေးရွာ ဘုန်းကြီးကျောင်းက စိန်ဖူးတော်ပါ အခိုးခံရတယ်လို့ မင်းလှ ဒေသခံတွေက ဆိုကြပါတယ်။

 

ပုံ – လူမှုကွန်ရက်

 

ပုံစာ – ခိုးယူခံလိုက်ရတဲ့ ကြေးခေါင်းလောင်း