ကရင်နီတွင် စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းမှုများ ထပ်မံပြုလုပ်နေ

Author ခေတ်နီ
Categories
Published on Oct 13, 2022

မိုးဗြဲတိုက်ပွဲ အပြီးနောက် ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှုများ ပြန်လည်လုပ်ဆောင်နေကြောင်း စစ်ရေးရင်းမြစ်များထံမှ သိရသည်။

ရှမ်း ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပြီး စက်တင်ဘာလကုန်ခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့သည် ကရင်နီပြည်အတွင်း စစ်အင်အားဖြည့်တင်းမှုများကိုပြ န်လည်လုပ်ဆောင်နေခြင်း ဖြစ်သည်။

“သူတို့က ဒီမော့ဆိုမှာ ပိုများတယ် မိုးဗြဲကကောင်တွေ မပါရင်တောင် ဒီဖက်မှာ ၂၀၀ ကျော်တယ် အင်အားက တင့်ကားဘာညာကတော့ မိုးဗြဲကနေ ဒီမော့ဆို တကြော နှစ်စီးအနည်းဆုံးရှိတယ် မနေ့ကလဲ ရဟတ်ယာဥ်နဲ့ လက်နက်နဲ့ကျည်တွေ နှစ်ခါလာချသွားတယ်”ဟု ကရင်နီဒေသရှိ CJ Platform ၏ စစ်ရေးရင်းမြစ်ကဆိုသည်။

ယခုလိုစစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှုကြောင့် တိုက်ပွဲများ ထပ်မံပြင်းထန်လာမှာကိုလဲ ဒေသခံများမှ စိုးရိမ်ပူပန်မှုများ ရှိနေသည်။

“သူတို့က ပွင့်လင်းရာသီမှာ ထိုးစစ်ကြီးတွေလုပ်ချင်နေပုံပဲ အရင်နှစ်ကလဲတိုက်ပွဲပြင်းခဲ့တာ ဒီကာလတွေပဲဆိုတော့ ဒါ့အတွက်ပြင်နေတာဖြစ်မယ် စစ်ရှောင်တွေကတော့ တိုက်ပွဲပြင်းလာရင် အတော်ဒုက္ခရောက်ဦးမယ် အခုတောင် ရိက္ခာနဲ့ဆေးတွေလိုနေတုန်းပဲ”ဟု ဒီမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင် ကူညီရေးလုပ်ဆောင်နေသူ တစ်ဦးက ဆိုသည်။

စစ်အင်အားဖြည့်တင်းမှု၊ထိုးစစ်ဆင်မှုများနှင့် တိုက်ပွဲများအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်မည်နှင့် စားနပ်ရိက္ခာ၊ဆေးဝါးများ ပြတ်တောက်သွားမည်ကို ကရင်နီဒေသခံ စစ်ဘေးရှောင်များ စိုးရိမ်မှုများရှိနေသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ ကရင်နီပြည်အတွင်းမှာ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၄၈၈ကြိမ်ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၇၁ ဦးနှင့် စစ်ကောင်စီတပ်သား ၁၅၉၀ ဦးသေဆုံးခဲ့ကာ ဒေသခံ ၂သိန်းကျော် စစ်ဘေးတိမ်းရှောင်နေရကာ အရပ်သား ၂၇၁ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။