ရန်ကုန်မှာ မီတာစာရေးအမှားကြောင့် ကျသင့်မီတာခထက် ပိုဆောင်ရပေမဲ့ အစားပြန်မရ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအထိ တိုင်ဖို့ YESC ပြော

Author ကိုထက်
Categories
Published on Oct 10, 2024

ရန်ကုန်မြို့မှာ လျှပ်စစ်မီတာခတွေကို ကျသင့်အခကြေးငွေထက် မီတာစာရေးအမှားကြောင့် ပိုမိုပေးဆောင်နေရပေမဲ့ အစားပြန်ရဖို့ မသေချာဘူးလို့ ကြုံတွေ့ခဲ့ရတဲ့ မြို့ခံ‌တွေဆီကနေ သိရပါတယ်။

 

မီတာခတွေ စတင်တိုးမြှင့်ကောက်ခံတဲ့ ပထမဆုံးလ စက်တင်ဘာမှာပဲ ကိုယ်တိုင်တွက်ချက်ကြည့်ရာမှာ ငါးသောင်းကျပ်ပဲ ကျသင့်ပေမဲ့ ရှစ်သောင်းကျပ်လို့မီတာစာရွက်အတွင်း ရေးသားထားတယ်လို့ သာကေတမြို့နယ် အနော်မာရပ်ကွက်မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“သွားပြန်ပြောတော့ မီတာစာရေးက စာရိုက်မှားလို့ဆိုပြီးပြောတယ်။ မီတာစာရွက်ထဲကအတိုင်းပဲ ဆောင်ခဲ့ရတယ်။ နောက်လတွေလည်း နှိမ်လိုက်မှာမဟုတ်ပါဘူး။ အခုမှမဟုတ်ဘူး။ အရင်လတွေကလည်း ဒီလိုပဲ။ ကောက်ချင်သလိုကောက်နေတာ” လို့ ၎င်းက ပြောပါတယ်။

 

မီတာခတွေကို ပြီးခဲ့တဲ့စက်တင်ဘာလကစလို့ အိမ်သုံးဆိုပါက ဓာတ်အားခ တစ်ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက် ၃၀၀ ကျပ် တိုးမြှင့်ကောက်နေတာပါ။

 

မီတာကို မိမိဘာသာဖတ်ကြည့်ပြီး ဘေလ်စာရွက်မှာပါလာတဲ့ အသုံးပြုတဲ့ယူနစ်နဲ့ ကျသင့်ငွေမကိုက်ညီပါက သက်ဆိုင်ရာလျှပ်စစ်မန်နေဂျာရုံးတွေကို တိုင်ကြားခွင့်ရှိတယ်လို့ မီတာရုံးတွေမှာ စာထုတ်ထားပေမဲ့ ပြန်လည်မဖြေရှင်းပေးတာက များနေတယ်လို့လည်း မီတာသွားရောက်ပေးဆောင်သူတွေက ပြောပါတယ်။

 

“ကျွန်မတို့ဆို စ‌ပြီးတိုးကောက်တဲ့လက ပထမတော့နှစ်ဆလောက်ပဲဖြစ်မယ်ထင်တာ။ အခုက အရင် လေးသောင်းကျော်လောက်ကနေ တစ်သိန်းနီးပါးလောက်ဖြစ်သွားတယ်။ သွားပြန်ပြောတော့ ကြွေးကျန်ဘာကျန်လည်းမရှိဘူး။ သူတို့လွဲတာပါပေါ့။ အခုလတော့ ဆောင်ပေးပါလို့ပြောတယ်။ နောက်လမှ ပြန်နှိမ်ပေးမလားတော့ မပြောတတ်ဘူး” လို့ လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက်မှ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က တာဝန်ရှိသူတစ်ဦးကတော့ အခုလိုမီတာခတွေ ပေးဆောင်ရာမှာ အမှားအယွင်းမဖြစ်စေဖို့ အဆင့်ဆင့်ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

 

“အခုလိုတွေ ကျသင့်တာထက်ပေးဆောင်ရတာတွေရှိရင် မီတာစာရေးကိုပြောတာထက် မြို့နယ်လျှပ်စစ်မန်နေဂျာကို တိုင်ဖို့လိုပါတယ်။ အခုလိုတွေဖြစ်တာကလည်း မြို့နယ်တချို့ပါ။ Complain တက်လို့ နောက်တစ်ခါပေးဆောင်ရတာမှာ အဆင်ပြေသွားတာတွေလည်းရှိပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

မီတာခတွေ နှစ်ဆကျော်အထိ တိုးကောက်ခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်း ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်မီးတစ်နေကုန်ပြတ်တောက်တာတွေ ရှိခဲ့ပါတယ်။

 

လက်ရှိမှာတော့ ရန်ကုန်မှာ မြို့နယ်အလိုက် အုပ်စု A, B ခွဲကာ လေးနာရီဖြတ်၊ လေးနာရီပေးနဲ့ မီးပေးနေပြီး စက်မှုဇုန်တွေကိုတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပေးထားတယ်လို့ YESC ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် နွေရာသီကတည်းက ရန်ကုန်အပါအဝင် နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်