ချင်းမှာ လျှပ်စစ်မီး ပုံမှန်မရလို့ မီးသွေး ရောင်းအားကောင်းလာသလို ဈေးတက်လာ

Author ဆလိုင်း
Categories
Published on Oct 09, 2024

ချင်းပြည်မှာ လျှပ်စစ်မီး ပုံမှန်မရရှိတဲ့အတွက် ထမင်း၊ ဟင်း ချက်ပြုတ်ဖို့ မီးသွေးကို အဓိကထား အသုံးပြုလာရတဲ့အတွက် ရောင်းအားကောင်းလာသလို စျေးနှုန်းလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လျှပ်စစ်မီးဖြတ်တောက်ထားပေမဲ့ ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့တွေကိုတော့ လျှပ်စစ်မီး ဖြတ်ထားတာတွေ မရှိပါဘူး။

 

ဒါပေမဲ့ အခုနှစ် အစောပိုင်းကစပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဖလမ်း၊ ဟားခါးနဲ့ ကန်ပက်လက် စတဲ့မြို့တွေမှာလည်း လျှပ်စစ်မီး ပုံမှန်မရရှိတဲ့အတွက် ဒေသခံတွေဟာ မီးသွေးအသုံးပြုမှုကို ပိုမိုပြုလုပ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“လျှပ်စစ်မီးက တစ်ပတ်ကို သုံးရက်လောက်ပဲ လာတယ်။ အဲဒီအတွက် ထမင်း၊ ဟင်းချက်ဖို့ မီးသွေးကိုပဲ အသုံးပြုနေရတယ်။ မီးသွေးကလည်း အရင်ကလို ရောင်းချသူတွေ မရှိသလို အသုံးပြုသူတွေ များလာတဲ့အတွက် စျေးတက်နေတယ်” လို့ ဟားခါးဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တစ်ဖက်မှာလည်း နိုင်ငံရေးအခြေအနေမကောင်းတဲ့အတွက် သယ်ယူပို့ဆောင်ရေးသုံး ဓာတ်ဆီစျေးနှုန်း မြင့်တက်မှု၊ မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူတွေ နည်းပါးမှုတွေကြောင့် မီးသွေးဈေးနှုန်းတွေ မြင့်တက်လာရတာဖြစ်တယ်လို့ မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

 

“အရင်ကလို နိုင်ငံရေးအခြေအနေက မကောင်းတော့ တောတောင်ထဲ မီးသွေး မဖုတ်ကြတော့ဘူး။ ပြီးတော့ သယ်ယူဖို့အတွက် စရိတ်နဲ့ ဓာတ်ဆီစျေးကလည်း တက်နေတော့ ဘယ်သူမှ မလုပ်ကြတော့တာပါ” လို့ ဖလမ်းမြို့နယ်က တစ်နိုင်တစ်ပိုင် မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်သူက CJ Platform ကို ပြောပါတယ်။

 

ဟားခါး၊ ဖလမ်းနဲ့ ကန်ပက်လက် စတဲ့မြို့တွေမှာ အရင်က မီးသွေး (ဆန် ၂၄ ပြည်ဝင်အိတ်)တစ်အိတ်ကို ကျပ် ၁၅,၀၀၀ ကနေ အခုအခါမှာတော့ ကျပ် ၂၀,၀၀၀ ကနေ ကျပ် ၂၇,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ အသုံးပြုသူနဲ့ ရောင်းချသူတွေဆီကနေ သိရပါတယ်။

 

လက်ရှိ အဲဒီမြို့နယ်တွေမှာ လျှပ်စစ်မီးပုံမှန်မရလို့ မီးအားကိုးပြီး လည်ပတ်နေတဲ့ အသေးစားလုပ်ငန်းနဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက်လည်း အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

 

တီးတိန်မြို့မှာတော့ စစ်ကောင်စီက မီးရရှိရေးအတွက် မီးစက်နဲ့ နာရီပိုင်း ပေးနေတယ်ဆိုပေမဲ့ လုံလောက်မှုတော့ မရှိနေဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

လျှပ်စစ်မီးနဲ့ မီးသွေး မရရှိတဲ့ နယ်ကျေးရွာတွေမှာတော့ ထမင်း၊ ဟင်း ချက်ရာမှာ ထင်းကိုသာ အားထားအသုံးပြုနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေက ဒေသခံတွေကတော့ ဆိုလာပြားကို အဓိက အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်