လောင်းလုံးက သန်းခေါင်စာရင်းကောက်ယူသူတွေကို အရေးယူနိုင်ဖို့ ပအဖဆီ လွှဲ

Author မင်းထက်
Categories
Published on Oct 09, 2024

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီအတွက် သန်းခေါင်စာရင်းကောက်ပေးနေသူ ကိုးဦးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဖမ်းဆီးပြီးနောက် အရေးယူနိုင်ဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ဆီ လွှဲအပ်လိုက်တယ်လို့ သိရပါတယ်။

 

ရပ်/ကျေး ထွေ/အုပ်စာရေး တစ်ဦးနဲ့ Non-CDM ဆရာမ ရှစ်ဦးတို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ နေအိမ်တွေဆီ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ လောင်းလုံးပကဖဆီကနေ သိရပါတယ်။

“ဖမ်းဆီးထားတုန်းက ချုပ်နှောင်ထားတာတော့ မရှိဘူး။ လွတ်လွတ်လပ်လပ်ထိန်းသိမ်းထားတယ်။ ခုကတော့ ပအဖဆီ သက်သေတွေနဲ့တကွ လွှဲအပ်လိုက်ပါပြီ။ အရေးယူမှုတွေကို ပအဖက ဆက်လက်လုပ်ဆောင်မှာပါ” လို့ လောင်းလုံးပကဖမှ ရဲဘော် ရှဲဒိုးက ပြောပါတယ်။

 

ဖမ်းဆီးထားသူတွေကို လောင်းလုံးမြို့နယ်ပကဖက စစ်ဆေးပြီးနောက် သက်သေတွေနဲ့အတူ ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့က လောင်းလုံးမြို့နယ်ပအဖထံ လွှဲပြောင်းပေးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

 

ဘယ်လိုအရေးယူမလဲသိရှိနိုင်ဖို့ လောင်းလုံမြို့နယ်ပအဖဆီ CJ Platform က ဆက်သွယ်နေပေမဲ့ အခုထိ မရသေးပါဘူး။

 

စစ်ကောင်စီဘက်ကတော့ လောင်းလုံးမြို့နယ်က သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူထွေး၊ ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေးနဲ့ ရေဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး စာရေးမ ဒေါ်သီတာတို့ ခုနစ်ဦးကို အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီးခံရတယ်လို့ ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က အခက်အခဲကြုံနေတဲ့ စစ်ကောင်စီဟာ ထွက်ပေါက်ရအောင် ရွေးကောက်ပွဲကျင်းပဖို့အတွက် သန်းခေါင်စာရင်းကောက်တာဖြစ်တဲ့အတွက် အဲဒီဆောင်ရွက်ချက်ကို လုံးဝလက်မခံဘဲ သန်းခေါင်စာရင်းကောက်ယူရေးမှာ ပါဝင်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အောက်တိုဘာ ၃ ရက်နေ့ကတည်းက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစတင်ကောက်ခံနေတဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းဟာ အောက်တိုဘာ ၁၅ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – လောင်းလုံးမြို့နယ် ပကဖ