ရေဦးမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ လသားအရွယ် ကလေးအပါအ၀င် လေးဦးသေဆုံး

Author မင်းထက်
Categories
Published on Oct 09, 2024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်ကောင်စီက အောက်တိုဘာလ ၅ ရက်နဲ့ ၈ ရက်နေ့တို့မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့လို့ လသားအရွယ် ကလေးတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်မှာ မိတ္ထီလာရှမ်းတဲကနေ တက်လာတဲ့ MiG-29 လေယာဉ်နဲ့ ရေဦးနယ် အနောက်ခြမ်းက တင်းတိမ်ရံကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးတစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ တိုက်ပွဲမရှိချိန် စစ်ကောင်စီက အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က CJ Platform ကို ပြောပါတယ်။

 

“စစ်ကောင်စီက အကြောင်းမဲ့သက်သက် တင်းတိမ်ရံကပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းသုံး ဗုံးကြဲသတ်ဖြတ်တာတွေ ပြုလုပ်ခြင်းပါပဲ။ ဒီလထဲမှာ မနေ့ကနဲ့ဆို အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်တာ တင်းတိမ်ရံရွာ နှစ်ကြိမ်ရှိပြီ။ လေးဦးသေဆုံးထားပြီး  ထိခိုက်ဒဏ်ရာရရှိသူက လေးဦးထက်မနည်း ရှိထားပါတယ်” လို့ သူက ပြောပါတယ်။

အောက်တိုဘာ ၈ ရက် လေကြောင်းတိုက်ခိုက်မှုအတွင်း ၆ လသားအရွယ် ကလေးငယ် တစ်ဦးနဲ့ ကလေးမိခင်တစ်ဦး၊ ​ခြောက်နှစ်အရွယ် ကလေးငယ် တစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဒါ့အပြင် အောက်တိုဘာလ ၅ ရက်နေ့ကလည်း တင်းတိမ်ရံရွာစျေးအနီးက ဘုရားကုန်းနယ်မှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ကိုထူးခန့်ဇော်(အမေ့သား)က ဆက်ပြောပါတယ်။

တင်းတိမ်ရံရွာမှာ အိမ်ခြေ ၇၀၀ နီးပါးနဲ့ လူဦးရေ ၁,၀၀၀ ကျော်ရှိပြီး စစ်ကောင်စီက မနေ့က ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေဟာ ရွာထဲမှာ မနေရဲတော့ဘဲ ရာနဲ့ချီ ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကလည်း တင်းတိမ်ရံရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး အဲဒီတိုက်ခိုက်မှုမှာတော့ သေဆုံးမှု မရှိခဲ့ဘူးလို့ စုံစမ်းသိရှိရပါတယ်။

 

၂၀၂၂ ခုနှစ်ကလည်း တင်းတိမ်ရံရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့တာကြောင့် ရွာစျေး အပါအဝင် နေအိမ် ၄၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက CJ Platform ကို ပြောပါတယ်။

 

ဓာတ်ပုံ – ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)

 

ပုံစာ – ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူနဲ့ အပျက်အစီးတွေကို တွေ့ရစဉ်