အင်းလေးဒေသမှာ ရေကြီးမှုအပြင်  မြွေအန္တရာယ်နဲ့ပါ  ကြုံတွေ့နေရ

Author လဂွန်းအိမ်
Categories
Published on Oct 08, 2024

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ စက်တင်ဘာလအတွင်းကစတင်ကာ  ရေကြီးနစ်မြုပ်နေဆဲဖြစ်ပြီး ရေကြီးမှုတွေအပြင် မြွေအန္တရာယ်နဲ့ပါ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့စက်တင်ဘာလ ၁၀ ရက်နေ့ကစတင်ကာ အင်းရေပြင်နဲ့ ဆက်စပ်နေတဲ့ ကျေးရွာပေါင်း ၁၇၀ ကျော်ဟာ ရေကြီးနစ်မြုပ်နေပြီး နေအိမ်တွေပေါ်ကို မြွေတွေ တက်ရောက်လာတာကြောင့် မြွေအန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

 

“အိမ်ပေါ်တွေကို အတက်များတာက လင်းမြွေနဲ့ မြွေဟောက်ပါဗျ။ အိမ်ပေါ်မှာနေလည်း လွတ်လွတ်လပ်လပ် မနေထိုင်ရဲဘူး။ သတိနဲ့နေရတယ်” လို့ အင်းလေးဒေသခံ ကိုအယ်ပိုးက CJ Platform ကို ပြောပါတယ်။

ဒါ့အပြင် အဝတ်အစား ယူတာကအစ သတိကြီးကြီးထားရပြီး လျှပ်စစ်မီးလည်း ပြတ်နေတာကြာပြီဖြစ်တဲ့ အတွက် ညဘက်တွေမှာ ပိုပြီး သတိကြီးကြီး ထားရတယ်လို့ သူကဆိုပါတယ်။

 

အင်းလေးဒေသမှာ မြွေဟောက်ကို အများဆုံးတွေ့ရပြီး လင်းမြွေ၊ မြွေစိမ်း၊ ရေမြွေတွေလည်း တွေ့ရကာ တစ်ခါတစ်ရံ မြွေပွေးများပါ တွေ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

“ မြွေကိုက်ခံရတဲ့ သူတချို့လည်းရှိပါတယ်။ အသက်တော့ မသေဘူး။ ရွှေညောင်နဲ့ ညောင်ရွှေကို သွားတဲ့လမ်းမှာဆို ရိုက်သတ်ခံထားရတဲ့ မြွေသေတွေ အများကြီးရှိတယ်” လို့  အင်းလေးဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် မြွေအန္တရာယ်အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက သတိပေးတာမျိုးတွေ အသိပညာပေးတာမျိုးတွေလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

 

ရေကြီးရေလျှံမှုတွေကြောင့် လူနေအိမ်များပေါ်သို့ မြွေတွေတက်လာတဲ့အတွက် စိုးရိမ်ကြောက်လန့်မှုတွေ လွန်ကဲစွာ မဖြစ်ဖို့လိုပြီး မြွေတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သိဖို့လိုအပ်တယ်လို့ မြွေအကြောင်းလေ့လာနေတဲ့ ပညာရှင်တစ်ဦးက ဆိုပါတယ်။

“အိမ်ပေါ်မှာ မြွေနဲ့ထိပ်တိုက်တွေ့ရင် သွားစေချင်တဲ့ လမ်းကြောင်းဘက်ကို တုတ်ရှည်ရှည်နဲ့ ခြောက်ထုတ်တာ ရေနဲ့ပက်ထုတ်တာတွေ လုပ်လို့ရပါတယ်။ ID(အမျိုးအစား) မသိရင် မကိုင်တွယ်သင့်ပါဘူး” လို့ မြန်မာနိုင်ငံရှိ ဒေသတွင်းမျိုးစိတ်များ ထိန်းသိမ်းရေးနှင့် ခွဲခြားသတ်မှတ်ရေးအဖွဲ့(NSCI)ရဲ့ အဖွဲ့ဝင် မြင့်မြတ်ဆိုင်ဝမ်းက CJ Platform ကို ပြောပါတယ်။

 

မြွေတွေဟာ လူကိုမြင်တဲ့အခါ ပြေးဖို့ အရင်ကြိုးစားတဲ့အတွက် ပြေးပေါက်ဖွင့်ပေးဖို့ လိုအပ်ပြီး သတ်ဖို့ကြိုးစားပါက မြွေကိုက်ခံရနိုင်ခြေ ပိုများနိုင်သလို မြွေကိုက်ခံရပြီး သေဆုံးသူ ၁၀၀ မှာ ၉၀ ဦးလောက်က မြွေကို သတ်ဖို့ ကြိုးစားလို့ အကိုက်ခံရပြီး သေဆုံးရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက မြွေဆိပ်ဖြေဆေးရရှိဖို့ ခက်ခဲတဲ့ တိုင်းပြည်တချို့မှာ ရေကြီးတာကြောင့် မြွေကိုက်တဲ့အန္တရာယ်က ပိုကြီးလာနေတယ်လို့ သတိပေးထားပါတယ်။

 

ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်မှုကြောင့် ရေကြီးရေလျှံဖြစ်ကာ မြွေကိုက်ခံရတာတွေကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တောင်ဆူဒန်နဲ့ နိုင်ငံတချို့မှာတွေ့ရှိရကာ ထိရောက်လုံလောက်တဲ့ ကုသမှုကို မရရှိနိုင်ကြဘူးလို့ ဆိုပါတယ်။

 

မြွေကိုက်ခံရပါက လူနာကို စိတ်ငြိမ်ငြိမ်ထားစေပြီး လှုပ်ရှားမှု မပြုလုပ်ဖို့၊ နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ပို့နိုင်ဖို့၊ ဆေးရုံကို မပို့မီ ဒဏ်ရာနဲ့ ကိုက်တဲ့မြွေအသေ သို့မဟုတ် ဓာတ်ပုံ ရယူသွားဖို့၊ ဒဏ်ရာကို သန့်ရှင်းတဲ့ ရေနဲ့ဆေးကြောကာ ပတ်တီးအုပ်ပြီး ကိုက်ခံရတဲ့ ခြေထောက်/လက်ကို မလှုပ်ရှားနိုင်အောင် သစ်သားပြားတစ်ခုခံပြီး အဝတ်နဲ့စည်းပေးဖို့၊ အဆိပ်မှုတ်မြွေဟောက်ရဲ့ မြွေဆိပ်မျက်စိထဲဝင်တာမျိုးကြုံခဲ့ရင်တော့ သန့်ရှင်းသောရေနဲ့ ဆေးရုံမရောက်မီ အထိ အခါခါဆေးကြောပေးဖို့၊ ဆေးရုံရောက်တဲ့အထိ လူနာကို ဘာမှ တိုက်ကျွေးတာမျိုး မပြုလုပ်ဖို့၊ လူနာကို မလှုပ်ရှားစေဘဲ မြွေဆိပ်ဖြေဆေးရှိမဲ့နေရာကို အမြန်ဆုံး ပို့ဆောင်ပေးဖို့ NUG ကျန်းမာရေးဌာနက အခုနှစ် မေလလယ်လောက်က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Heinn Htet Kyaw

 

ပုံစာ – ရေကြီးနစ်မြုပ်နေတဲ့ အင်းလေးဒေသရှိအိမ်တွေနဲ့ နေအိမ်တစ်အိမ်မှ ဆင်းသွားတဲ့မြွေတစ်ကောင်ကို တွေ့ရစဉ်