အမ်း နပခခံတပ် မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်

Author အကြင်နာ
Categories
Published on Oct 08, 2024

ရခိုင်ပြည်မှာ လက်ကျန်မြို့အနည်းငယ်ထဲက အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရဲ့ ခံတပ် မဲတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

 

အမ်းရှိ နပခ ခံတပ်တွေထဲက ဒုတိယအကြီးဆုံးဖြစ်တဲ့ မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနဲ့ အနီးတဝိုက်က စခန်းအားလုံးကို ယမန်နေ့ အောက်တိုဘာလ‌ ၇ ရက်၊ ညနေ ၃ နာရီ ၅၀ မိနစ်မှာ အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ AA က ဆိုပါတယ်။ မဲတောင်ဗျုဟာကုန်းဟာ အမ်း နပခနဲ့ ၁၄ ကီလိုမီတာခန့် အကွာမှာတည်ရှိပါတယ်။

 

မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ပြီး မဲတောင် နှင့် အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှားကြသည်။ မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းမှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

အဲဒီစခန်းကုန်းနဲ့ ဆက်စပ်စခန်းကုန်းတွေကို AA က ကာလအတန်ကြာ ဝိုင်းပတ်ပိတ်ဆို့ခဲ့ပြီးနောက် အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနောက်ဘက် မီတာ ၄၀၀ ခန့်အကွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းကနေတိုက်ပွဲတွေစတင်ခဲ့ပါတယ်။ အဲဒီနောက် မဲတောင်ဗျူဟာကုန်းရဲ့ စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နဲ့ ကံဂေါ်တောင်(ကံကော်တောင်)တို့က စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်က ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်ထဲ ဆက်လက်ဖော်ပြထားပါတယ်။

 

အဲဒီကစခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီတံတားကို ဖောက်ခွဲဖျက်ဆီးပြီးနောက် စခန်းစွန့်ခွာထွက်ပြေးသွားပေမဲ့ AA က လိုက်လံတိုက်ခိုက်နေတယ်လို့ ဆက်ပြောထားပါတယ်။

 

ဒါ့အပြင် ယမန်နေ့ အောက်တိုဘာလ ၇ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်က တိုက်ပွဲမဖြစ်ပွားသေးတဲ့ တောင်ကုတ်မြို့၊ ရွာမရွာအတွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတချို့ သေဆုံးထိခိုက်မှုရှိခဲ့တဲ့အပြင် နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ AA ဆီကနေ သိရပါတယ်။

 

ဒါပေမဲ့ လူထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှု စာရင်းကိုတော့ AA ရဲ့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

 

လတ်တလော တောင်ကုတ်မြို့ရှိ စကခ (၅) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ-၃၄၆/၅၄၄ တပ်စခန်းတွေနဲ့ တခြားစခန်းတွေကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – AA Info Desk