ချင်းမိုင် စံချိန်တင်ရေကြီးမှုထဲ ဆင်ဥယျာဉ်လည်း ပါဝင်၊ ဆင်လေးကောင် ရေနစ်သေဆုံးပြီး တိရစ္ဆာန်ထောင်ချီ အရေးပေါ်ရွှေ့ပြောင်း


ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်က မယ်တအန်မှာ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတာ ရက်သတ္တတစ်ပတ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။

 

အဲဒီက သဘာဝဆင်ဥယျာဉ်လည်း ရေလွှမ်းမိုးနစ်မြုပ်ခဲ့တာကြောင့် ဆင်ကောင်ရေ ၁၀၀ ကျော်နဲ့ နာမကျန်းဖြစ်နေတဲ့ ခွေး၊ ကြောင် ရာနဲ့ချီတို့ကို ရေလွတ်ရာနေရာတွေဆီ အရေးပေါ်ရွှေ့ပြောင်းပေးနေရတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

သဘာဝဆင်ဥယျာဉ်ရဲ့ ဒါရိုက်တာ ဆန်ဒွန်း ချိုင်လာ့က Facebook လူမှုကွန်ရက်မှာ ရွှေ့ပြောင်းနေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ တင်ခဲ့ပြီး ရေကြီးမှုဟာ နံရံတွေကို မြုပ်လောက်အောင် မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စုစုပေါင်း တိရစ္ဆာန် ၁၀၀၀ ကျော်ကို ရွှေ့ပြောင်းနေရကြောင်း ရေးသားထားပါတယ်။

 

တိရစ္ဆာန်တွေကို ကယ်ဆယ်ဖို့ အကူအညီလိုအပ်နေတာကြောင့် “Animal Aholic” Facebook စာမျက်နှာက စေတနာ့ဝန်ထမ်းတွေကို အရေးပေါ် အကူအညီတောင်းထားပါတယ်။ Jet Ski တွေ၊ လှေတွေနဲ့ လှောင်အိမ်တွေ ယူဆောင်လာပြီး ကူညီပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရေကြီးမှုကြောင့် ဆင်စခန်းတစ်ခုက ဆင်တွေ မျောပါသွားခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့ မနက်မှာ နောက်ထပ် ဆင်နှစ်ကောင် သေဆုံးနေတာ တွေ့ရှိခဲ့ပါတယ်။

 

ဆင်ရုပ်အလောင်းတစ်ခုဟာ “ဖန်ဖာဆိုင်း” (Phang Fasai)ဖြစ်နိုင်တယ်လို့ ယူဆရပြီး မယ်တအန် မြစ်ကမ်းအနီးမှာ တွေ့ရှိခဲ့ရတာပါ။ နောက်တစ်ကောင်ကတော့ “ဖန်ပလွိုင်တောင်း”(Phang Ploytong)ဖြစ်နိုင်ပြီး မြစ်ကမ်းပါးကနေ မီတာ ၂၀ ခန့်အကွာ အမှိုက်ပုံပေါ်မှာ လဲကျနေတာ တွေ့ရှိခဲ့ပါတယ်။

 

အဲဒီ ရုပ်အလောင်းနှစ်ခုဟာ တစ်ခုနဲ့တစ်ခု မီတာ ၁၀၀ ခန့် အကွာလောက်မှာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒီဆင်နှစ်ကောင်ဟာ သောကြာနေ့ညက မယ်တအန်မြစ်ထဲမှာ ရုတ်တရက်ရေကြီးလို့ မျောပါသွားတဲ့ ဆင်စခန်းတစ်ခုက အုပ်စုထဲက ဆင်တွေ ဖြစ်ပါတယ်။ ရှာဖွေရေးကြိုးပမ်းမှုတွေကို တစ်ညလုံး ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ တခြားဆင်နှစ်ကောင်ရဲ့ ရုပ်အလောင်းတွေကိုလည်း ယမန်နေ့ အောက်တိုဘာ ၄ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။

 

ဒီရေကြီးမှုဟာ ရုတ်တရက်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိရစ္ဆာန်တွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။ အရေးပေါ်အခြေအနေကြောင့် ဒေသခံအာဏာပိုင်တွေက ပြည်သူတွေကို သတိထားဖို့နဲ့ အန္တရာယ်ရှိတဲ့ နေရာတွေကို ရှောင်ရှားဖို့ သတိပေးထားပါတယ်။

 

ဓာတ်ပုံ – Save Elephant Foundation, Nation Photo

 

ကိုးကား- Nation Thailand