ပါတီနိုင်ငံရေး ဆက်လုပ်ကိုင်ရန် ဆန္ဒမရှိသောကြောင့် UBP အားဖျက်သိမ်းရန် ဆုံးဖြတ်ခြင်းဖြစ်ဟု သူရဦးရွှေမန်းဆို

Author လင်းခိုင်
Categories
Published on Oct 12, 2022

ပါတီနိုင်ငံရေး ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိသောကြောင့် UBP ပါတီအားဖျက်သိမ်းရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ယင်းပါတီဥက္ကဌ သူရဦးရွှေမန်းက ၎င်း၏လူမူကွန်ယက်စာမျက်နာ၌ ယနေ့တွင် ဖော်ပြထားသည်။

UBP ဖွဲ့စည်းရန် စတင်ဆောင်ရွက်စဥ်မှ အစပါတီတည်ထောင်ပြီး စည်းရုံးလှုပ်ရှားမှုနှင့် ရွေးကောက်ပွဲဝင်ပြီးနောက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဆုံးဖြတ်လုပ်ဆောင်သည့်အချိန်ထိ ပါဝင်ကူညီအားပေးခဲ့သူများကို ကျေးဇူးတင်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။

မိမိနှင့် ပါတီဦးဆောင်သည့် ခေါင်းဆောင်များ အသက်အရွယ်ကြီးရင့်လာပြီး ကျန်းမာရေးချို့တဲ့သူများရှိသလို လူမှုရေးနှင့် အခြားအခက်အခဲများ ရှိလာခြင်း၊ ပါတီနိုင်ငံရေးအား ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိခြင်းတို့ကြောင့် UBPပါတီအား နိုင်ငံရေးမှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဗဟိုအလုပ်အမှုဆောင်များက သဘောတူဆုံးဖြတ်ခဲ့သည်ဟု သူရဦးရွှေမန်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

UBP ပါတီကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ရက်မှစတင်ဖျက်သိမ်းခြင်းကို အတည်ပြုနိုင်ရန် သက်ဆိုင်ရာသို့တင်ပြထားသည်ဟု သူကဦးရွှေမန်းကဆိုသည်။

NLD အစိုးရလက်ထက်တွင် သူရဦးရွှေမန်းသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းများ ရှိခဲ့သူဖြစ်သည်။

သူရရွှေမန်းသည် ၂၀၁၃ ခုနှစ် မေလ ၁ ရက်မှ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့အထိ ပြည်ခိုင်ဖြိုးပါတီတွင်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို ၂၀၁၉ခုနှစ်ကစတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။