စစ်ကိုင်းမှာ စက်သုံးဆီ ငါးထောင်ဖိုးဝယ်နိုင်ဖို့ နာရီများစွာကြာ စောင့်ဆိုင်းနေရ

Author မင်းထက်
Categories
Published on Aug 07, 2024

ရန်ကုန်၊ မန္တလေးတို့အပါအဝင် နိုင်ငံတဝန်း စက်သုံးဆီပြတ်လပ်မှုနဲ့ရင်ဆိုင်နေကြရာမှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာလည်း ဩဂုတ်လဆန်းပိုင်းကစပြီး အဲဒီလိုကြုံတွေ့နေရတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ဒါကြောင့် စစ်ကိုင်းမြို့က စက်ဆုံးဆီအရောင်းဆိုင်တွေမှာ မိုင်နဲ့ချီတဲ့ ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးတွေ အချိန်အတော်ကြာ တန်းစီစောင့်ဆိုင်း၀ယ်ယူနေကြရတယ်လို့ ဆိုပါတယ်။

“မနေ့(သြဂုတ် ၆)ကဆို မနက် ၁၁ ကနေတန်းတာ ညနေ ၅ နာရီမှ ပြန်ရတယ်။ နေ့လယ်စာတောင် မစားလိုက်ရဘူး” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကိုင်းမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ ဆီဝယ်ယူဖို့ တန်းစီနေတဲ့ ဆိုင်ကယ်တွေ ရာနဲ့ချီ တန်းစီစောင့်ဆိုင်းနေကြရပြီး ရံဖန်ရံခါ တန်းစီနေစဉ် ဆီပြတ်လပ်သွားတာကြောင့် ဆီမရဘဲ ပြန်လာခဲ့ရခြင်းများလည်းကြုံတွေ့နေရတယ်လို့ ကြုံတွေ့ဖူးသူတွေက ဆိုပါတယ်။

“ဆိုင်တိုင်းတော့ မရဘူး။ ဘယ်ဆိုင်က ရတယ်ဆို အဲဒီမှာ သွားတန်းရတယ်။ အပြင်မှာထက် ဆိုင်တွေက အချိန်ကုန်ပေမဲ့ ဈေးသက်သာတာပေါ့နော်။ ဒါပေမဲ့ အတန်းရှည်ကြီးကို မျှော်လင့်တကြီးစောင့်ပြီးရင် ကိုယ့်အလှည့်ရောက်ခါနီးမှ ဆီမပေးတော့ဘူးဆိုပြီး ပြန်လာခဲ့ရတာရှိတယ်” လို့ ဆီတန်းနေရတဲ့ ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကစပြီး စက်သုံးဆီဆိုင်ကြီးတွေမှာ ဆိုင်ကယ်တစ်စီးကို ၅၀၀၀ ကျပ်ဖိုးသာ ၀ယ်ယူရရှိခဲ့ကြရာကနေ ဩဂုတ်လဆန်းပိုင်းမှာတော့ အဲဒီလို ငါးထောင်ကျပ်ဖိုးရရှိဖို့ အချိန်များစွာကြာ ပေးပြီးဝယ်ယူနေရတယ်လို့ ဆိုကြပါတယ်။

 

ဇူလိုင်လအတွင်း ပြင်ပစျေးကွက်ထဲ ရေသန့်တစ်လီတာဘူး တစ်ဘူးကို ၃၅၀၀ ကျပ်နဲ့ ၄၀၀၀ ကျပ်ရှိခဲ့ရာကနေ အခုတော့ တစ်ဘူး ၆၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သုံးစွဲသူ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ – CJ