စစ်ကောင်စီအင်အားရာချီနဲ့တပ်စွဲထားတဲ့ မြိုင်က ကိုင်းတောမရဲစခန်းကို PDF တပ်ပေါင်းစု တိုက်ခိုက်သိမ်းပိုက်

Author မင်းထက်
Categories
Published on Aug 07, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲနဲ့ ပျူတွေအပါအဝင် အင်အားရာချီနဲ့ တပ်စွဲထားတဲ့ ကိုင်းတောမရဲစခန်းကို အညာ PDF တပ်ပေါင်းစုက ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ CJ Platform ရဲ့ တော်လှန်ရေးသတင်းအရင်းမြစ်များက ပြောပါတယ်။

 

“အခု ဟိုနေ့က မသိမ်းနိုင်တဲ့ ကိုင်းတောမစခန်းကို သိမ်းနိုင်ပြီ။ အခု လေယာဉ်လာပစ်နေပြီ” လို့ မြေပြင်ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

သြဂုတ်လ ၃ ရက်က အညာမြေတပ်ပေါင်းစုနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က PDF အင်အား ၂၀၀ ကျော်နဲ့ မြိုင်မြို့က ရေစက်တွင်းစောင့်စခန်းနဲ့ ကိုင်းတောမနယ်မြေရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ကြပါတယ်။

 

အဲဒီနေ့တုန်းက ရေစက်တွင်းစောင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကိုင်းတောမရဲစခန်းကို ထပ်မံတိုက်ခိုက်ချိန် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူလာလို့ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ဆုတ်ခွာခဲ့ကြတာပါ။

 

အဲဒီနေ့ တိုက်ပွဲတွေထဲ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်က သုံးယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါတယ်။

 

အဲဒီနောက် ယမန်နေ့ ဩဂုတ် ၆ ရက်ကစတင်ပြီး ကိုင်းတောမရဲစခန်းကို တော်လှန်ရေးပူးပေါင်းအင်အား ၂၀၀ ကျော်နဲ့ ထပ်မံထိုးစစ်ဆင်ခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာပဲ စခန်းကိုသိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ မြေပြင်ရဲဘော်တွေက CJ Platform ကို အတည်ပြုပြောကြားပါတယ်။

 

ဒါပေမဲ့ ဒီကနေ့ ကိုင်းတောမရဲစခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိမရှိဆိုတာနဲ့ လက်နက်ခဲယမ်းရရှိမှုအခြေအနေတွေကိုတော့ CJ Platform က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

မြိုင်မြို့နယ်အတွင်း မြို့နယ်ရဲစခန်းက စစ်ကောင်စီအတွက် အင်အားအတောင့်တင်းဆုံးဖြစ်ပြီး အဲဒီစခန်းနောက် ကိုင်းတောမစခန်းက အတောင့်တင်းဆုံးအနေနဲ့ အင်အား ၂၀၀ မှ ၃၀၀ ကြားရှိတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)ထံမှ သိရပါတယ်။