ကွတ်ခိုင်ဗုံးကြဲခံရမှု သေဆုံးသူ ၆ ဦးထိတိုးလာ၊ ဒဏ်ရာရ ၁၀ ဦးနဲ့ ဆိုင်ခန်း ၄၀၀ ကျော်မီးလောင်ပျက်စီး

Author ကိုထားဝယ်
Categories
Published on Aug 07, 2024

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံ ခြောက်ဦးအထိရှိလာတဲ့အပြင် ဒဏ်ရာရသူ ဆယ်ဦးနဲ့ ဆိုင်ခန်း ၄၀၁ ခန်းမီးလောင်ပျက်စီးခဲ့တယ်လို့ PSLF/TNLA က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ ညနေ ၃ နာရီခန့်က တည်ငြိမ်နေတဲ့ ကွတ်ခိုင်မြို့တွင်းကို စစ်ကောင်စီက လေကြောင်းကနေ လေးကြိမ် လာရောက်ပြီး ပေါင် ၅၀၀ ဗုံး ခုနစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် ရပ်ကွက် (၅)နဲ့ ၈ ရှိ ဒေသခံ ခြောက်ဦးထိမှန်သေဆုံးပြီး နောက်ထပ် ဆယ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်း ၄၀၁ ခန်းနဲ့ နေအိမ် ဆယ်အိမ်ထက်မနည်း မီးလောင်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

လတ်တလော မြို့မစျေးမှ PSLF/TNLA ရဲ့ ကွတ်ခိုင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး PSLF/TNLA တပ်ဖွဲ့က လုံခြုံရေးယူထားပေးတယ်လို့ ဆိုပါတယ်။

 

ရှမ်းမြောက်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေးလမ်းမကြီးပေါ်က ကွတ်ခိုင်မြို့ကို တအာင်းတပ်က ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးကာလ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ ညပိုင်းမှာ လက်ကျန် စစ်ဗျူဟာကုန်းက လက်နက်ချလိုက်ပြီးနောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA